ရန်ကုန် မေ ၅
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူး၍
“မြန်မာ့ဒီမိုကရေစီနိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင် ပီပြင်စွာရပ်တည်ရေး” ခေါင်းစဉ်ဖြင့်
ဒုတိယအကြိမ် မြန်မာသတင်း မီဒီယာ စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနားကို
ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး
ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်းရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယအကြိမ် မြန်မာသတင်းမီဒီယာ
စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေး ရောင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့်
စာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁)
ဦးအုန်းကြိုင်(ဟံသာဝတီဦးအုန်းကြိုင်) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စက်ရုံဝင်း
အတွင်း ခင်းကျင်းရောင်းချလျက်ရှိသည့် စာအုပ်ဆိုင်များကို လှည့်လည်ကြည့်ရှုကြ သည်။
ထို့နောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး
ဦးစီးဌာနခန်းမ၌ ဒုတိယအကြိမ် မြန်မာသတင်း မီဒီယာ စာတမ်းဖတ်ပွဲ ဖွင့်ပွဲကို ကျင်းပရာ
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပညာရှင်ကြီးများ စာတမ်းဖတ်ကြသည့်အတွက် ဗဟုသုတ များစွာ ရရှိခဲ့ပါကြောင်း၊ အခုလိုပွဲမျိုး
ကျင်းပပေးခြင်းဖြင့် မသိသည့် အကြောင်းအရာ များ သိရှိရပြီး နိုင်ငံသူ နိုင်ငံသားများ
စာအုပ်စာပေကို ဖတ်ရှုသည့် အလေ့အကျင့်များ ဖြစ်လာပါကြောင်း၊ လူငယ်များ စာအုပ်စာပေများကို
စိတ်ဝင်စားလာကြသည့်အတွက် ယခုကဲ့သို့ ပွဲမျိုးကို ဆက်လက်ဆောင်ရွက်ပေးကြပါဟု ပြောကြားသည်။
စာတမ်းဖတ်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအုန်းကြိုင်(ဟံသာဝတီဦးအုန်းကြိုင်)
က မီဒီယာသမား အားလုံး ဟာ သတင်းမီဒီယာလွတ်လပ်ခွင့်
ဒီနေ့ ရသလားလို့မေးရင် ကျွန်တော့်အမြင်အရ လွတ်လပ်ခွင့်ဆိုတာ တောင်းယူလို့ရတဲ့ ပစ္စည်းမဟုတ်သလို
ရပိုင်ခွင့်ရှိတဲ့ပစ္စည်းလည်း မဟုတ်ဘူး။ သတင်းသမားတာဝန်ဟာ ရေးသားတင်ပြရမယ့် တာဝန်ရှိတဲ့အတွက်
ပြည်သူရဲ့ဝန် ထမ်းဆောင်ရတဲ့ ပြည့်မျက်လုံးဖြစ်တဲ့အတွက် သိတဲ့အတိုင်း၊ မြင်တဲ့ အတိုင်း
ပြည်သူသိအောင် ရေးသားတင်ပြရမယ်။ ဒါ ကျွန်တော်တို့သတင်းသမားတွေရဲ့ တာဝန်ဖြစ်တယ်။ ဒါကို
အခြေခံဥပဒေအရ ခွင့်ပြုပြီးဖြစ်တယ်။ လာမယ့် အနာဂတ် တိုင်းပြည်ဟာ ဒီမိုကရေစီနိုင်ငံစနစ်
ပီပီပြင်ပြင်ပေါ်လာတဲ့တစ်နေ့ သတင်းမီဒီယာဟူ သော စတုတ္ထမဏ္ဍိုင်သည်လည်း နိုင်ငံတော်မှာ ပီပီပြင်ပြင်
ရပ်တည်နိုင်ဖို့ ဦးတည်ပြီး ဒီစာတမ်းဖတ်ပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ပြောကြားသည်။
ယင်းနောက် စာတမ်းဖတ်ပွဲကျင်းပရေးကော်မတီ
ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သဘာပတိများ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ
စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နံနက်ပိုင်းစာတမ်းဖတ်ပွဲကိုကျင်းပရာ
သဘာပတိများအဖြစ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာမျိုးသန့်တင်နှင့်
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်(ပြန်ကြားရေးတာဝန်ခံ) ဦးမြင့်ကျော်တို့က ဆောင်ရွက်ကြ
ပြီး စာတမ်းရှင်များနှင့်မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဦးအုန်းကြိုင်(ဟံသာဝတီဦးအုန်းကြိုင်)က
“မြန်မာ့ ဒီမိုကရေစီ နိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင် ပီပြင်စွာရပ်တည်ရေး”စာတမ်းနှင့်
စာတမ်းရှင် ဦးရဲမြင့်ဖေ က “သတင်းသမားဘ၀ ဖြတ်သန်းခဲ့ရခြင်းပုံရိပ်” စာတမ်းများကို ဖတ်ကြားကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းစာတမ်းဖတ်ပွဲတွင်
သဘာပတိများအဖြစ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးချစ်နိုင်(ချစ်နိုင်-စိတ်ပညာ)နှင့်
မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး(၂) ဦးကျော်စွာမင်းတို့က ဆောင်ရွက်ကြပြီး
စာတမ်းရှင်များနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် စာတမ်းရှင် ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)က
“မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အစတည်ပုံနှင့် အနာဂတ်အတွက် ဆောင်ရွက်သင့်သည်များ”
စာတမ်းနှင့် စာတမ်းရှင် ပါမောက္ခဒေါက်တာမြင့်မောင်မောင် က “ပြည်သူ့ကျန်းမာရေး နှင့်
သတင်းမီဒီယာကဏ္ဍ” စာတမ်းများကို ဖတ်ကြားကြသည်။
ထို့နောက် စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက
သိလိုသည်များကို မေးမြန်းကြရာ စာတမ်းရှင်များက ပြန်လည်ဖြေကြားကြပြီး ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများက သဘာပတိများနှင့် စာတမ်းရှင် များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊
စာပေနှင့် ပုံနှိပ်ထုတ်ဝေ၊ သတင်းမီဒီယာ အသင်းအဖွဲ့များ၊
မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ
ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် မီဒီယာများ တက်ရောက်ကြသည်။
ယနေ့ စာအုပ်ဈေးရောင်းပွဲတွင် စာအုပ်ဆိုင်ပေါင်း
၁၀၀ ကျော် ဖွင့်လှစ်ရောင်းချ လျက်ရှိရာ စာပေချစ်မြတ်နိုးသူ မိဘပြည်သူများ လာရောက်ကြည့်ရှု
ဝယ်ယူအားပေး ကြသည်။
အဆိုပါစာတမ်းဖတ်ပွဲကို မေ ၆ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ရာ
ဒေါက်တာမောင်မောင်စံ က “ဂျင်မီတို့ကမ္ဘာ၊ ကျွန်တော်တို့ရဲ့ကမ္ဘာ” စာတမ်း၊ ဦးမြတ်ခိုင် (MJA) က “သတင်းလွတ်လပ်ခွင့် တိုက်ပွဲများ”စာတမ်း၊ ဦးနိုင်မောင်၊ ဦးကြည်နိုင် (MWU)တို့က “မျက်မှောက်ခေတ်
သတင်းမီဒီယာ လောကကို တစေ့တစောင်း အကဲခတ်ခြင်း”စာတမ်း၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)
(MWA) က “သတင်းသမားများနှင့် မီဒီယာကျင့်ဝတ်” စာတမ်း၊ ဦးချစ်ဝင်းမောင်(MJU) က “NLD အစိုးရလက်ထက် မြန်မာ့သတင်းမီဒီယာ
လွတ်လပ်မှုအခြေအနေကို လေ့လာ သုံးသပ်ခြင်း”စာတမ်းနှင့် ဦးဇေယျ (သားကြီးမောင်ဇေယျ) က
“ရခိုင်ပြည်နယ်အရေးနှင့် ငြိမ်းချမ်းရေး သတင်းစာပညာ အသုံးအနှုန်း”စာတမ်းများကို ဖတ်ကြားကြမည်ဖြစ်သည်။
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ဇော်မင်းလတ်
No comments:
Post a Comment