နေပြည်တော်
မေ ၃
မြန်မာနိုင်ငံ၏
ပထမဆုံးဖြစ်သည့် ရိတ်သိမ်းချိန်လွန်နည်းဆိုင်ရာ သုတေသနဌာန ဖွင့်လှစ်ပွဲကို နေပြည်တော်၊
ရေဆင်းရှိ စိုက်ပျိုးရေးဉီးစီးဌာန အနီး၌ ယနေ့နံနက်(၇)နာရီခွဲက ကျင်းပရာဖွင့်ပွဲ အခမ်းအနားတွင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
က အမှာစကား ပြောကြားသည်။
နေပြည်တော်
ရေဆင်းစိုက်ပျိုးရေး သုတေသန ဦးစီးဌာနအနီးတွင် တည်ဆောက်ပြီးဖြစ်သော ရိတ်သိမ်းချိန်လွန်
နည်းပညာဌာနကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး
အေဂျင်စီ KOICA တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ အဆောက်အအုံ ဖွင့်ပွဲ
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော် ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ကိုရီးယား
သံအမတ်ကြီး H.E Mr. Lee Sang-hwa ၊ ကိုရီးယားအပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး
အေဂျင်စီ KOICA ဌာနေကိုယ်စားလှယ် Dr. Shin Euicheol ၊ ကိုရီးယား အစားအသောက်ဆိုင်ရာ
သုတေသနဌာန KFRI မှ ဥက္ကဋ္ဌဖြစ်သူ Dr. Park Dong Jun ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ကိုရီးယားသမ္မတ နိုင်ငံသံအမတ်ကြီး၊ KOICA ဌာနေကိုယ်စားလှယ်
နှင့် KFRI ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရိတ်သိမ်းချိန်လွန် နည်းပညာဌာန
အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက်
ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ကိုရီးယား
သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa တို့က ဂုဏ်ပြုအမှာ စကား ပြောကြားကြပြီး
၊ KOICA ဌာနေကိုယ်စားလှယ် Dr. Shin Euicheol က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍
KOICA ဌာနေကိုယ်စားလှယ် Dr. Shin Euicheol က ရိတ်သိမ်းချိန်လွန် နည်းပညာ ဌာနနှင့် ပတ်သက်သော
စာရွက်စာတမ်းများအား လွှဲပြောင်း ပေးအပ်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း
က လက်ခံရယူသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရိတ်သိမ်းချိန်လွန် နည်းပညာဌာနအတွင်း
လှည့်လည်ကြည့်ရှုကြသည်။
ယခုဖွင့်လှစ်သော
ရိတ်သိမ်းချိန်လွန် နည်းပညာဌာနကို နိုင်ငံတော်၏ ထည့်ဝင်ငွေ ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ KOICA ၏ ငွေကြေးနှင့် နည်းပညာ အထောက်အပံ့တို့ဖြင့်
ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဌာနအနေဖြင့် မြန်မာ့ လယ်ယာထွက်ကုန်များ အရည်အသွေး
ကောင်းမွန်စွာဖြင့် ဈေးကွက် ဝင်ရောက်နိုင်ရေးအတွက် အတန်းအစားခွဲခြားခြင်း၊ ထုပ်ပိုးကိုင်တွယ်
မွမ်းမံခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူဖြန့်ဖြူးခြင်း စသည့် ရိတ်သိမ်းချိန်လွန် ကာလများတွင်
ဆောင်ရွက်ရမည့် နည်းလမ်းများကို သုတေသနပြုကာ တွေ့ရှိချက် ရလဒ်များကို မန္တလေးတိုင်းဒေသကြီး
(ထုံးဘို) ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းတွင် ထည့်သွင်း သင်ကြားပေးနိုင်ရန်နှင့်
ဒေသအသီးသီးရှိ စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများမှတဆင့် နည်းပညာ ပြန့်ပွားရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
အခမ်းအနားအပြီးတွင်
Agricultural Marketing Center တည်ဆောက်ရေး စီမံကိန်းသဘောတူ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို
ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင် နှင့် ကိုရီးယားသမ္မတနိုင်ငံ
သံအမတ်ကြီးတို့ တက်ရောက် အားပေးကြပြီး ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာရဲတင့်ထွန်း နှင့် KOICA ဌာနေကိုယ်စားလှယ် Dr. Shin Euicheol တို့က သဘောတူ လက်မှတ်ရေးထိုးကြသည်။
အဆိုပါ စီမံကိန်းကို KOICA ၏ ထောက်ပံ့ကူညီမှုဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အာဟာရသုခ
ဈေးအနီးတွင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment