Thursday, May 3, 2018

သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားသည့်အခါ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးအပ်နိုင်ရန်အတွက် ညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော်   မေ ၃
ဘေးအန္တရာယ်များ ဖြစ်ပွားသည့်အခါ ပြည်သူလူထုအား အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကဏ္ဍလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဘေးအန္တရာယ် အမျိုးမျိုး အထူးသဖြင့် ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍ မရနိုင်သော ဘေးအန္တရာယ် ကျရောက်သည့်အခါ ပြည်သူလူထုအား အချိန်နှင့်တစ်ပြေးညီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် ယခင်ရှိခဲ့သော လုပ်ငန်းလမ်းညွှန်များ၊ စီမံချက်များကို ရရှိခဲ့သော အတွေ့အကြုံများအပေါ် မူတည်၍ အသစ်ပြုပြင်ရေးဆွဲခြင်း၊ ဌာနတွင်း၊ ဌာနပြင် ချိတ်ဆက်မှု အားကောင်းစွာ ဆောင်ရွက်ခြင်း၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်မည့် ကျန်းမာရေး ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် သင်တန်းများပေးခြင်းနှင့် ပြည်သူလူထု အား ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးအသိပညာ တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့မှာ အရေးကြီးကြောင်း၊ အစည်းအဝေး တက်ရောက်လာသူများက အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များ၊ ဆောင်ရွက်ရမည့် အချက်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက ယခင်ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်ဖြစ်စဉ်များတွင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများပေါ် မူတည်၍ လက်ရှိ အခြေအနေများအရ လက်တွေ့ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ဖြစ်စဉ်များအတွက် ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သော ဘဏ္ဍာငွေရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန်၊ ဘေးအန္တရာယ် ဒဏ်ခံနိုင်ရည်ရှိသော ကျန်းမာရေး စနစ်ဖြစ်ပေါ်စေရေး ကိစ္စရပ်များ ဆောင်ရွက်ရန်၊ ကျန်းမာရေးဌာနများ အထူးသဖြင့် ဆေးရုံများတွင် ယခင်ရေးဆွဲထားရှိသော ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်များ၊ လုပ်ငန်းလမ်းညွှန်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ဝေ ထားရှိသော လမ်းညွှန်စာအုပ်များကို မှီငြမ်းပြုပြင်ရေးဆွဲရန်နှင့် ပြည်သူလူထုအား အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ သိရှိရန်နှင့် အကြံပြု ချက်များ ရရှိနိုင်ရန် ယခုနှစ် မေလအတွင်း၌ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပသွားရန် တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment