နေပြည်တော်
မေ ၃
မြန်မာ့ရုပ်ရှင်လောက
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုနှင့် ရုပ်ရှင် အတတ်ပညာ သင်တန်းကျောင်း
တည်ထောင်ဖွင့်လှစ်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးဝန်ကြီးဌာနတွင်
ပြုလုပ်သည်။
တွေ့ဆုံပွဲသို့
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းနှင့်
တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင်
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒါရိုက်တာ ဇော်မြင့်ဦးနှင့် ဦးကြည်မင်းသိန်း
တို့က နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အဆောက်အအုံတွင်
ပါဝင်ဖွဲ့စည်း တည်ဆောက်ထားသော Large Studio ၊ Virtual Studio နှင့် 5.1 Surround
Sound Studio များ ၊ ၎င်းနေရာရှိ ရုံးခန်းများနှင့် ပန်းခြံများ၊ ၎င်းပတ်ဝန်းကျင်နှင့် နေပြည်တော်ရှိ
နေရာများစွာတွင် မြို့ပြနှင့် ကျေးလက်တောရွာဆိုင်ရာ
ရိုက်ကွင်းများစွာ ရိုက်ကူးနိုင်မည့် အခြေအနေများ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊
ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များ၊ ပြင်ဦးလွင်နှင့် ပုပ္ပါးတောင်တစ်ဝိုက်တွင်
ရိုက်ကူးသကဲ့သို့ နေပြည်တော်တွင်လည်း အဆင်ပြေ ချောမွေ့စွာ ရိုက်ကူးနိုင်မည့် အခြေအနေများနှင့်
ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက
ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ဆွေးနွေးကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးက နေပြည်တော်နှင့် ရန်ကုန်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ စတူဒီယိုများနှင့်
ဆက်စပ်နေရာများ၊ နေပြည်တော်ရှိ နေရာများစွာတွင် ရုပ်ရှင်ရိုက်ကူးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်
ညှိနှိုင်းပြီး စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် ရုပ်ရှင်ရိုက်ကူးမှုများ
အဆင်ပြေ ချောမွေ့လာမှုနှင့်အတူ ပြည်တွင်းပြည်ပမှ စိတ်ကူးစိတ်သန်းကောင်း များဖြင့် ရင်းနှီးမြှုပ်နှံမှုများ
ဝင်ရောက် လုပ်ကိုင်လာစေရန် ရည်ရွယ်ပြီး တတ်ကျွမ်းနားလည်သူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်
လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
(သတင်းစဉ်)
No comments:
Post a Comment