Monday, May 7, 2018

မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်စွာကျင်းပပြီးစီး


ရေး   မေ   
မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(တတိယနေ့)ကို မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ ဆက်လက် ကျင်းပပြီး ပိတ်ပွဲအခမ်းအနားကို ရေးမြို့၊ ပြည်သူ့အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

နံနက်ပိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍကြီး ၄ ရပ်တွင် ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်ရက်တာ အပြီးသတ်ဆွေးနွေးခဲ့သည့် အမြင် သဘောထား စုစည်းချက်များကို ဆွေးနွေးပွဲ ကိုယ်စားလှယ်များအားလုံး သိရှိအကြံပြုနိုင်ရန် ဦးဆောင် သူများက ကဏ္ဍတစ်ခုချင်းစီအလိုက် တင်ပြကာ ဖြည့်စွက် အကြံပြုချက်များ ရယူကြသည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့အားကစားရုံ၌ ဆွေးနွေးပွဲကဏ္ဍအသီးသီးမှ ရရှိသည့် အမြင်သဘောထား စာတမ်း များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်သူများက ပြန်လည်ဖတ်ကြား တင်သွင်းကာ သဘာပတိအဖွဲ့ ထံ အပ်နှံသည်။
ယင်းနောက် မွန် လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ဆွေးနွေးပွဲမှ ရရှိလာသည့် ကဏ္ဍအလိုက် အတည်ပြုချက် စာတမ်းများအား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နိုင်ဗညားလယ်မှ မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီသို့ ပေးအပ်ရာ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ပအိုဝ်းတိုင်းရင်းသားရေးရာ ၀န်ကြီး နန်းစံဝင့်ခိုင် က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးအောင်စိုးက လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုင်ရာများကို လည်းကောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဆွေးနွေးပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နိုင်ဗညားလယ်တို့က ကျေးဇူးတင် ၀မ်းမြောက်စကားများကို လည်းကောင်း ပြောကြားကြပြီး မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က နိဂုံးချုပ် အမှာစကားပြောကြားကာ တက်ရောက်လာသူအားလုံးတို့က မွန် အမျိုးသားသီချင်းကို သီဆိုကြသည်။
မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့်မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကဏ္ဍများဖြင့် ကဏ္ဍ(၄)ရပ် သတ်မှတ်ပြီး တက်ရောက်လာသူ ကိုယ်စားလှယ်များက ၎င်းတို့၏ သဘောထားအမြင်များကို လွတ်လပ်ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီမှ ချမှတ်ထားသည့် မူဘောင်နှင့်အညီ နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်နှင့် ပတ်သက်သည့် အခြေခံမူများကိုလည်းကောင်း၊ စီးပွားရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်ဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံမူများ၊ ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများကို လည်းကောင်း၊ လူမှုရေး ကဏ္ဍတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော အခြေခံမူများကိုလည်းကောင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ကဏ္ဍတွင် ဖက်ဒရယ်စနစ်ကို အခြေခံသော မြေယာမူဝါဒများနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ မူဝါဒများကို လည်းကောင် ဆွေးနွေးခဲ့ကြကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆွေးနွေးပွဲများမှ တူညီသော သဘောထားအမြင်များနှင့် မတူညီသော သဘောထားအမြင်များကို စုစည်းရရှိခဲ့ပါကြောင်း မိမိတို့ မွန်လူမျိုးများအနေဖြင့် ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် တစ်တပ် တစ်အား ပါဝင်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပေးနိုင်မည့် လမ်းကြောင်းအပေါ် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း မွန်လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲအပြီးတွင် ကျင်းပရေးကော်မတီမှ ထုတ်ပြန်ကြေငြာထားသည်။
မွန် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့မှ ဦးဆောင်ဦးရွက်မှုဖြင့် မေ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပိတ်ပွဲအခမ်းအနားသို့ မွန်ဆရာတော်သံဃာတော်များ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေးကော်မရှင်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် ၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ တနသာင်္ရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ မွန် လူထု အခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မွန်ဒေသအသီးသီးမှ ကိုယ်စားလှယ်များ၊ မွန် အမျိုးသမီးများ၊ မွန်လူငယ်များ၊ တတ်သိပညာရှင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment