Monday, May 7, 2018

ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များရှိ ပြည်သူ့ငွေစာရင်း ကော်မတီများ အကြား ဘတ်ဂျက် စိစစ်ခြင်း၊ အတွေ့အကြုံများဖလှယ်ခြင်းနှင့် စိန်ခေါ်မှုများအဖြေရှာခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ


နေပြည်တော် မေ ၇
ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များရှိ ပြည်သူ့ ငွေစာရင်းကော်မတီများ အကြား ဘတ်ဂျက် စိစစ်ခြင်းအတွေ့အကြုံများဖလှယ်ခြင်းနှင့် စိန်ခေါ်မှုများ အဖြေရှာခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် International IDEA အဖွဲ့တို့ ပူးပေါင်း၍  ဥရောပသမဂ္ဂ၏ My Governance Project အစီအစဉ်ဖြင့် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေး ပွဲသည် ဘတ်ဂျက်ဆိုင်ရာ လေ့လာစိစစ်သည့် ဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ ဘတ်ဂျက်နှင့် ပတ်သက်၍ လေ့လာစိစစ်ရာတွင် တိုင်းပြည်အတွက်၊ နိုင်ငံအတွက်အရေးကြီးပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ရငွေ၊ ၀င်ငွေ များကို မည်သည့် စီမံကိန်းများတွင် အသုံးပြုရာ၌ တိုင်းပြည်အတွက်၊ ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိ၊ မရှိ စိစစ်ပေးရန်လိုပါကြောင်း၊ တိုင်းပြည်အတွက် အမှန်တကယ်အကျိုးပြုမည့် စီမံကိန်း ဟုတ် မဟုတ်၊ စီမံကိန်းနှင့် ဘတ်ဂျက်သဟဇာတဖြစ်မဖြစ်၊ စိစစ်ပေးရန်လိုပါကြောင်း။
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ လူနေမှုဘဝမြင့်မားတိုးတက်ရန်အတွက် တိုင်းပြည်၏ ဘဏ္ဍာငွေကို စနစ်တကျသုံးစွဲရန်နှင့် စီမံကိန်းများဆောင်ရွက်ရာတွင် အကျိုးရှိရှိသုံးစွဲရန် အရေးကြီး ပါကြောင်း၊ လွှတ်တော်များရှိ ပြည်သူ့ငွေစာရင်းကော်မတီများအနေဖြင့် တိုင်းပြည်၏ စီမံကိန်း၊ ဘတ်ဂျက်၊ ပြည်သူ့ ဘဏ္ဍာငွေများကို အစိုးရက အမှန်တကယ် စနစ်တကျ သုံးစွဲနိုင်ရေးအတွက် စိစစ်ရန် အရေးကြီး ပါကြောင်း၊ ဘတ်ဂျက်သည် နိုင်ငံတစ်နိုင်ငံ၏ မည်သည့်ကဏ္ဍများတွင် မည်သို့သုံးစွဲသည်ကို ဌာန၊ အဖွဲ့ အစည်းများက ငွေပမာဏအားဖြင့် ရေးဆွဲလျာထားပြုစုတင်ပြရသည့် စာရင်းတစ်ခုဖြစ်ပါကြောင်း၊ ဘတ်ဂျက်လုပ်ငန်းသည် အစိုးရနှင့် လွှတ်တော်ပူးတွဲလုပ်ဆောင်ရသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ လွှတ်တော် ၏ ကဏ္ဍသည် ဥပဒေပြုရေးကို အဓိကထားပါကြောင်း၊ ဘတ်ဂျက်စိစစ်ခြင်းသည် ပြည်သူ့ကိုယ်စား ဆောင်ရွက်ရသည့် လုပ်ငန်းလည်း ဖြစ်ပါကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စိစစ်ပေးရန်လိုအပ်ပါကြောင်းစသည့် ဘတ်ဂျက်စိစစ်ခြင်းဆိုင်ရာ လုပ်ငန်း များနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးအောင်မင်းက အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့် နောက်ခံအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂမှ Mr.JohannHesse, Head of Cooperation က အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များရှိ ဘတ်ဂျက်ဆန်းစစ်ခြင်းဆိုင်ရာ ကော်မတီများမှ ဘတ်ဂျက်နှင့် စီမံကိန်းဥပဒေများကို လေ့လာဆန်းစစ်ရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါ်နွဲ့နွဲ့ဝင်းက အရအသုံး ခန့်မှန်းခြေငွေစာရင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအား ခြုံငုံသုံးသပ်တင်ပြခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့  ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရှိ ပြည်သူ့ငွေစာရင်း ကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များမှ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌနှင့်  ကော်မတီဝင်များ၊ International IDEA Myanmar မှ Mr. MarkMc Dowell၊ EU/GOPA၊ ဘယ်လ်ဂျီယံနိုင်ငံလွှတ်တော် ကိုယ်စားလှယ် Mr. HendrikBogaert ၊ ပြည်တွင်း/ပြည်ပ အဖွဲ့ အစည်းများမှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို မေ ၉ ရက်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment