Friday, May 4, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား



နေပြည်တော် မေ ၎
(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ သည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံတွင် ညီလာခံ၏ လုပ်ငန်းများကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် အာရှနှင့် ပစိဖိတ် ဒေသတွင်းနိုင်ငံများမှ စာကြည့်တိုက်မှူးများ၊ စာကြည့်တိုက်နှင့် ဆက်နွယ်မှုရှိသည့် အဖွဲ့အစည်းများ၊ စာကြည့်တိုက်ပညာရှင် ကိုယ်စားလှယ်များ၏ အတူတကွ ပူးပေါင်းဆောင်ရွက် အကောင် အထည်ဖော်မှုကြောင့် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ယခုလို စာကြည့်တိုက်မှူးများဆိုင်ရာ အထွေထွေညီလာခံကြီးကို ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့်ရခဲ့သည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အထွေထွေ ညီလာခံကြီးနှင့်အတူ တတိယအကြိမ် အမှုဆောင်အဖွဲ့ အစည်းအဝေး (3rd Executive Board Meeting)နှင့် (၂၆)ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသမှ အမျိုးသားစာကြည့်တိုက်များ၏ ညွှန်ကြားရေးမှူးများ နှီးနှောဖလှယ်ပွဲ (26th Congress of Directors of National Libraries of Asia and Oceania Meeting - CDNLAO) နှင့် အခြားဆက်စပ် အစည်းအဝေးများကိုလည်း တစ်ပြိုင်နက်တည်း ကျင်းပပြီးစီးခဲ့ ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် အမှုဆောင် အစည်းအဝေးများ ကို ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ယခုနှစ်တွင် တတိယအကြိမ် အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများမှ စာကြည့်တိုက်မှူးများဆိုင်ရာ အထွေထွေညီလာခံကြီးကို နေပြည်တော်တွင် လက်ခံကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။
ပထမအကြိမ် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)၏ ဦးဆောင်မှုဖြင့် အရှေ့တောင်အာရှ သွင်ပြင်လက္ခဏာနှင့် လျော်ညီစွာ စင်ကာပူနိုင်ငံတွင် ၁၉၇၀ ခုနှစ် ကတည်းက စတင်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလက်ရှိအချိန်ထိ  Congress of Southeast Asian Librarians (CONSAL)တွင် ဘရူနိုင်း၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ စသည့်အဖွဲ့ဝင် (၁၀)နိုင်ငံ ပါဝင်ခဲ့ပြီး အဆိုပါနိုင်ငံများမှ စာကြည့်တိုက် အဖွဲ့အစည်းများနှင့် စာကြည့်တိုက်မှူးများက အဖွဲ့ဝင်အဖြစ် ပါဝင်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ မိတ်ဖက်နိုင်ငံများ အနေဖြင့် CONSAL အစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ပူးပေါင်းပါဝင်ခဲ့မှုများ အတွက်လည်း ဝမ်းမြောက်ကြောင်းကို ပြောကြားလိုပါကြောင်း။
နေပြည်တော်တွင် မေလ (၂)ရက်မှ (၅)ရက်အထိ ကျင်းပခဲ့သည့် (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများရဲ့ စာကြည့်တိုက်မှူးများ ညီလာခံတွင် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူပေါင်း (၆၀၀)ကျော် တက် ရောက်ခဲ့ကြပါကြောင်း၊ ယခု အထွေထွေညီလာခံကြီးတွင် စာတမ်းဖတ်ပွဲများကို “မျိုးဆက်သစ် စာကြည့်တိုက်များ၊ ပူးပေါင်းမှုနှင့် ဆက်သွယ်မှု” ခေါင်းစဉ်ဖြင့် အဓိကထား ဆွေးနွေး ခဲ့ကြပါကြောင်း၊ ထို့ပြင် အဖွဲ့ဝင်နိုင်ငံများ၏ အချိန်နှင့် တစ်ပြေးညီ အကောင် အထည်ဖော်နေမှု အစီရင်ခံစာများ၊ CONSAL ၏ လုပ်ငန်းတိုးတက်မှု အစီရင်ခံစာများကိုလည်း တင်ပြခဲ့ကြပါကြောင်း၊ တက်ရောက် လာကြသည့် ကိုယ်စားလှယ်များ၊ လေ့လာသူများ အနေဖြင့်လည်း တွေ့ရှိလာသည့် ပြဿနာ အချက်အလက်များအပေါ် တက်ကြွစွာ ပါဝင်ပြီး အဖြေရှာ ဆွေးနွေးခဲ့ကြပါ ကြောင်း၊ ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရန် အတွက် ခေတ်မီ ဒီဂျစ်တယ်နည်းပညာများ အသုံးပြုမှုကို မြှင့်တင်ပြီး အချက်အလက် များ ဖြန့်ဝေရန်နှင့် အများသုံး စာပေအချက်အလက်များ၊ ဒေသတွင်း စာကြည့်တိုက်များ၏ အတွေ့အကြုံများ မြှင့်တင်နိုင်ရန် အရေးကြီးဆုံးအချိန်သို့ ရောက်ရှိနေကြောင်းကိုလည်း လေ့လာ တွေ့ရှိခဲ့ပါကြောင်း။
CONSAL ၏ အထွေထွေညီလာခံကို အဖွဲ့ဝင်နိုင်ငံများတွင် သုံးနှစ်တစ်ကြိမ် အလှည့် ကျ ကျင်းပလျက် ရှိပါကြောင်း၊ CONSAL ကျင်းပခြင်း၏ အကျိုးရလဒ် အနေဖြင့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား စာကြည့်တိုက် ပညာရပ်များ၊ စာစုစာရင်းများ၊ အထောက်အထားများနှင့် ဆက်စပ်လှုပ်ရှားမှု နည်းလမ်းများ ဆောင်ရွက်ခြင်းတို့ကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ CONSAL ၏ ချမှတ်ခဲ့သည့် ရည်မှန်းချက်နှင့် ပန်းတိုင်ကို ရောက်ရှိရန် စာကြည့်တိုက် အဖွဲ့အစည်းများ အနေဖြင့် ခိုင်မာ ထိရောက်သည့် မိတ်ဖက်ဆက်ဆံမှုကို ဖော်ဆောင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ယခုညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည့် ဒေသတွင်းနှင့် မိတ်ဖက်နိုင်ငံများမှ စာကြည့်တိုက်မှူးများနှင့် ပါဝင်တက်ရောက်သူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနဲ့ မိတ်ဆွေတို့၏ ကူညီမှုကြောင့် ယခုညီလာခံကြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ပိတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ စာကြည့်တိုက်များအသင်း ဥက္ကဋ္ဌ ဦးသန်းအောင် က CONSAL XVII Outstanding Librarian Award ဆုရရှိသူများစာရင်းနှင့် ၎င်းတို့၏ ရမှတ်များအား ကြေညာသည်။
ယင်းနောက် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်မြင့်က CONSAL XVII Outstanding Librarian Award ရွှေတံဆိပ်ဆုရရှိသူ ဖိလစ်ပိုင်နိုင်ငံသူ တစ်ဦးနှင့် ဗီယက်နမ်၊ ထိုင်း၊ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ငွေတံဆိပ်ဆုရရှိကြသူ လေးဦးတို့အား ဆုများအသီးသီး ပေးအပ် ချီးမြှင့်သည်။
ယင်းနောက်         သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာမှ အနုပညာရှင် များက မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ တာဝန်ရှိသူတစ်ဦးက (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ CONSAL XVIII ကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံသို့ CONSAL အလံနှင့် ရန်ပုံငွေကို လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝ အလှ ရှုခင်းများအား စုစည်းထားသည့် Video Clip ကိုပြသသည်။

ပိတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ၀န်ကြီးများ၊ International Federation of Library Associations (IFLA) ဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များနှင့်  ဌာနဆိုင်ရာအကြီးအကဲများ၊ ညီလာခံ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပမှ စာကြည့်တိုက်မှူးများ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment