ရန်ကုန် မေ ၆
ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး
မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှု သင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်
(၃/၂၀၁၈) သို့ သင်ခန်းစာ ဆွေးနွေးပို့ချသည်။
ပြည်ထောင်စုဝန်ကြီးက
ဆွေးနွေးပို့ချရာတွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆရာ၊ ကျောင်းအုပ်၊ မိဘအုပ်ထိန်းသူ၊
ပြည်သူများ ပူးပေါင်းမှသာ ဆောင်ရွက်၍ရပါကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံများအနေဖြင့်
အရည်အသွေး ကောင်းမွန်သည့် ပညာရေးစနစ်ကို အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိပါကြောင်း၊
ပညာရေးတွင် အဓိက အရေးအကြီးဆုံးသည် အခြေခံမူလတန်း ပညာရေးဖြစ်ပါကြောင်း၊ မွေးဖွားလာသည့်
အချိန်မှစ၍ ဘဝတစ်လျှောက်လုံး သင်ယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊
သင်ကြားသင်ယူမှုများ ဆောင်ရွက်ရာတွင် ပညာရေးမှ သာလျှင် ပေးစွမ်းနိုင်မည် ဖြစ်သည့်အတွက်
လူတိုင်း အခြေခံပညာ သင်ယူပြီးမြောက်ရန် လိုအပ်ပါကြောင်း၊ လူတိုင်းဘဝ ရပ်တည်မှုအတွက်
လိုအပ်သော ကျွမ်းကျင်မှုများရှိရန် လေ့ကျင့်ပေးဖို့ လိုအပ်ပါကြောင်း၊ လူမှုအသိုင်းအဝိုင်း
ပတ်ဝန်းကျင် တွင် တစ်ဦးတစ်ယောက်တည်း ရပ်တည်ရန် မဖြစ်နိုင်သည့်အတွက် အားလုံးပူးပေါင်း
ဆောင်ရွက်တတ်သည့် အသင်းအဖွဲ့ စိတ်ဓာတ်များကို မွေးမြူရန်လိုအပ်ပြီး ငြိမ်းချမ်းမှုကို
ဦးတည်သည့် လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်ရမည် ဖြစ်ပါကြောင်း၊
ဘ၀တစ်သက်တာ သင်ယူမှုသည်လည်း
အရေးကြီးပါသဖြင့် များများသင်ယူရန် အခြေခံစာဖတ်၊ စာရေး၊ တွက်နိုင်ရန် လိုအပ်ပါကြောင်း၊
ပညာရေးတွင် မျှတသည့် အခွင့်အလမ်းများရှိရန် လိုအပ်ပါကြောင်း၊ အထူးပြုနယ်ပယ် ဘာသာရပ်များ
ကိုလည်း နက်နက်နဲနဲ သင်ယူနိုင်ရေးအတွက် များများစာဖတ်နိုင်အောင် လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊
မတူကွဲပြား မှုများကိုလည်း အပြန်အလှန် လေးစားမှု ရှိလာစေရန် သင်ကြားသင်ယူပေးကြရမည် ဖြစ်ပါကြောင်း၊
စက်ရုံများ အလုပ်ရုံများ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ကျောင်းများကို ဆက်စပ်ပေးနိုင်မှသာလျှင်
အလုပ်နှင့် လိုက်လျောညီထွေမှုရှိသည့် သင်ယူမှု ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်မည်
ဖြစ်ပါကြောင်း၊ မူလတန်းပညာရေးသည် အခြေခံပညာရေး၏ အရေးအကြီးဆုံး အုတ်မြစ်ဖြစ်သဖြင့် မူလတန်းပြဆရာ
ဆရာမများသည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသည့် အရည်အသွေးမြင့် ဆရာ ဆရာမ များဖြစ်ရန် လိုအပ်ပါကြောင်း၊
ပညာရေး အရည်အသွေး မြင့်မားလာစေရေး မိဘဆရာ အသင်းများနှင့် ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
ကျောင်းအပ်နှံရေးဆောင်ရွက်သည့်အခါတွင် ကျေးလက်နှင့် ဝေးလံသောဒေသများတွင် မွေးစာရင်း၊
သန်းခေါင်စာရင်းများ မပါလျှင်လည်း ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊
ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပညာရေး အရည်အသွေး မြင့်မားစေရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့်
အားလုံးက ၀ိုင်းဝန်း ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်သား
သင်တန်းသူ ဆရာ ဆရာမကြီးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စု
ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။
အဆိုပါ သင်တန်းသို့
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သင်တန်းသား သင်တန်းသူ (၂၉၇) ဦး တက်ရောက်လျက်
ရှိပြီး သင်တန်းကာလမှာ ဧပြီ(၂၆)ရက်မှ မေလ(၁၆)ရက်အထိ ဖွင့်လှစ်လျက် ပို့ချလျက်ရှိကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment