Sunday, May 6, 2018

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


နေပြည်တော် မေ ၆
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မေ (၅) ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်း၊ တံတားနှင့် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနား- တောင်ညို- တောင်တွင်းကြီးလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေကို လည်းကောင်း မကွေး-  တောင်တွင်းကြီး လမ်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၃)မှ တည်ဆောက်နေသော အရှည် (၂၄၀) ပေ၊ တံတား အမှတ် (၁/၂၉၃) တောင်ဦး သံကူကွန်ကရစ် တံတားသစ် တည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ဧရာဝတီတံတား (မလွန်) ကြံ့ခိုင်မှု အခြေအနေကို လည်းကောင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သရက်မြို့နယ်၊ ကြီးတိုင်း- ညောင်ဇစ်- မြောက်ဘောလမ်း (၂) မိုင် (၄) ဖာလုံ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း အဆိုပါလမ်းပေါ်တွင် မကြာမီဖွင့်လှစ်တော့မည့် ဂျပန် အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JIP) ၏ စီမံမှုဖြင့် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူတို့၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ တည်ဆောက် ထားသည့် “တေဇတံတား” အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၊ ရုံးကြီးလမ်း၌ မကွေးတိုင်း ဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ၊ (၈)ခန်းတွဲ (၆)ထပ် RC အဆောက်အဦ တည်ဆောက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မှီရေး အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ဧရာဝတီမြစ်ကို ဖြတ်ကျော်ကာ အောင်လံမြို့နှင့် သရက်မြို့တို့ကို ဆက်သွယ်တည်ဆောက်မည့် အောင်လံ - သရက် တံတား လျာထားနေရာ ရွေးချယ်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် သရက်- မင်းတုန်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေကို လည်းကောင်း၊ မိုင်တိုင်အမှတ်  ၂၁/၇ နှင့် ၂၂/၀ ကြား လမ်းတာပြိုကျမှုအား MACCAFERRI  Material  နည်း အသုံးပြု၍ မြေကာနံရံ တည်ဆောက်မှု အခြေအနေကို လည်းကောင်း၊ ပုသိမ်-မုံရွာလမ်းမကြီး (မင်းတုန်း- ပဒါန်းအပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် အဆိုပါ လမ်းအပိုင်းကို ဆက်သွယ်သည့် ရွာသာယာ- မင်းတပ်ကျေးလက်လမ်း တို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)       

No comments:

Post a Comment