Sunday, May 6, 2018

ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည်သူများ ဘေးကင်းလုံခြုံမှုရှိရေးနှင့် ကူညီထောက်ပံ့ရေးကိစ္စများ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်


မြစ်ကြီးနား မေ ၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒေါက်တာ ၀င်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ လမ်းခွကျေးရွာ လယ်ဘရော့ယန် နှစ်ခြင်း ဘုရားကျောင်းတွင် ယာယီ ဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိပြီး နေရပ်စွန့်ခွာလာရသော ပြည်သူများကို တွေ့ဆုံအားပေးစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကြရသော ပြည်သူများ စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက်များကို ကူညီထောက်ပံ့ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းအဖြေရှာမှုဖြင့် ညှိနှိုင်းပြီး မျှတသော အကျိုးရလဒ်ကောင်း ရရှိရေးကို အစိုးရအနေဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ တိုက်ပွဲရှောင် ပြည်သူများ၏ ဆန္ဒသဘောထားများကို ရယူပြီး ဆောင်ရွက်ရန် ရှိသည်များကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူများ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် လန်ဘရော့ယန်၊ စိန့်ဒေါမနစ်၊ ဧမာနွေလ ဘုရားကျောင်းများရှိ တိုက်ပွဲရှောင် စခန်းများမှ ငါးနှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ ငွေကျပ် (၅၇)သိန်း ၅သောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ငွေ ကျပ် (၁၃)သိန်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ (၁၇)သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီး မိသားစုများအတွက် ထောက်ပံ့ ငွေကျပ် သိန်း (၂၀) နှင့် ဆန်၊ ဆီ၊ ဆား၊ ပဲရိက္ခာ တစ်လစာတို့ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိန့်ပေါလု (RC) ဘုရားကျောင်းရှိ နေရပ်စွန့်ခွာလာသူ ပြည်သူများနှင့် တွေ့ဆုံကာ အားပေးနှစ်သိမ့်စကား ပြောကြားသည်။
နေရပ်စွန့်ခွာလာကြသော ပြည်သူများက လိုအပ်ချက်များကို တင်ပြကြရာတွင် ကျောင်းဖွင့်ရာသီ နီးလာပြီ ဖြစ်သဖြင့် ကလေးငယ်များ စာသင်ကြားခွင့်ရရှိရေး၊ နဂိုမူလနေရာတွင် ကျန်ရှိခဲ့သည့် ကျွဲ၊ နွား၊ တိရစ္ဆာန်များနှင့် စိုက်ပျိုးသီးနှံများ စနစ်တကျ ရှိစေရန်အတွက် ကူညီပေးပါရန် တင်ပြမှုများအပေါ် ပြည်ထောင်စု ၀န်ကြီးနှင့် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်တို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် စိန့်ပေါလု ဘုရားကျောင်းတွင် ခေတ္တခိုလှုံနေသော ကဆုန့်ကျေးရွာ တိုက်ပွဲရှောင် ပြည်သူများမှ အသက် ငါးနှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေကျပ် သိန်း (၂၀) ၊ ကိုယ်ဝန်ဆောင် မိခင်များအတွက် ထောက်ပံ့ငွေ ကျပ် (၂)သိန်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ (၂)သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီး မိသားစုများ အတွက် ထောက်ပံ့ငွေ (၆)သိန်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ရိက္ခာတစ်လစာတို့ကို ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာ တြီနီတီ ဘုရားကျောင်းရှိ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး တိုက်ပွဲရှောင် ပြည်သူများမှ အသက် ငါးနှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေကျပ် (၆၆) သိန်း၊ ကိုယ်ဝန်ဆောင် မိခင်များအတွက် ထောက်ပံ့ငွေကျပ် (၂၁)သိန်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေ (၁၆)သိန်း၊ အမျိုးသမီး အိမ်ထောင်ဦးစီး မိသားစုများအတွက် ထောက်ပံ့ငွေ (၁၀)သိန်း (၅)သောင်းကျပ်နှင့် ဆန်၊ ဆီ၊ ဆား၊ ပဲရိက္ခာ တစ်လစာတို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် တွေ့ဆုံ၍ လက်ရှိ တိုက်ပွဲများကြောင့် အချို့နေရာများတွင် သွားလာမှု ခက်ခဲမှု ရှိသည့် ဘေးသင့်ပြည်သူများကို လုံခြုံသော နေရာများသို့ ပြောင်းရွှေ့နိုင်ရေး ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ကို တပ်မတော်၊ ပြည်နယ်အစိုးရတို့နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ရာ မန်ဝယ်ကျေးရွာမှ ပြောင်းရွှေ့ပေးရန် လိုအပ်သော ပြည်သူ (၁၅၃) ဦးကို ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ကာမိုင်း၊ ဖားကန့်မြို့နယ်များရှိ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ ပထမဦးစွာ ချောင်းဝကျေးရွာမှတစ်ဆင့် စက်လှေများဖြင့် ခေါ်ယူ၍ အင်းတော်ကြီး၊ ရွှေမဉ္ဇူ ဓမ္မာရုံတွင် ခေတ္တနေထိုင်စေ၍ နောက်ရက်တွင် ၄င်းတို့ လိပ်စာပေးထားသော ကာမိုင်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ ခေတ္တနေထိုင်ရေးနှင့် အချို့ကို ၄င်းတို့၏ မူလနေရာများသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊
ထိုသူများ လတ်တလော စားသုံးရန်နှင့် အခြားလိုအပ်ချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက တစ်ပြိုင်တည်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီးသည် တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ရာတွင် ကလေးငယ်များအား အာဟာရမုန့်များ ပေးဝေခြင်းနှင့် အသက် (၉၀) နှင့်အထက် အဘိုးအဘွားများကိုလည်း သီးခြားစီ တွေ့ဆုံ၍ လက်ဝယ် အရောက် ငွေကြေးထောက်ပံ့ခြင်းများလည်း ဆောင်ရွက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် ခရီးစဉ်အတွင်း စုစုပေါင်း ထောက်ပံ့ငွေ (၇၀၈၄၆၁၂၅) ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment