Thursday, May 3, 2018

ငွေဆောင်၊ ပုဂံနှင့် အင်းလေး၌ ရောက်ရှိနေသော လူရည်ချွန်စခန်းများမှ လူရည်ချွန်များ တန်ခိုးကြီး ဘုရားများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာ


ငွေဆောင် မေ ၃
ငွေဆောင်၊ ပုဂံနှင့် အင်းလေး၌ ရောက်ရှိနေသော လူရည်ချွန်လူငယ်များသည် ယနေ့တွင် သက်ဆိုင်ရာ ဒေသများရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရ နေရာများသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

ငွေ​ဆောင်​လူရည်​ချွန်​ အပန်း​ဖြေစခန်းမှ ဒသမတန်းလူရည်​ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင်​ ယုဇနပုစွန်သားဖောက်စခန်းကို လည်းကောင်း၊ ငွေဆောင်မြို့နယ် သဇင်ရွာ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)​​ တွင် ဂျာမနီနိုင်ငံ Morkwater Solutions မှ လှူဒါန်းထားသည့် ပင်လယ်​​ရေငန်မှ ရေချိုထုတ်လုပ်သည့် R.O ရေသန့်စက်မှ ရေသန့်ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လည်းကောင်း၊ သဇင်ကျေးရွာ ငါးဖမ်း/ငါးလှန်း လုပ်ငန်းခွင်ရှိ ငါးလုပ်ငန်းဆိုင်ရာများ၊ ရေသယံဇာတများ မျိုးတုန်း မ​ပျောက်​ကွယ်​​ရေး ကာကွယ်​ထိန်းသိမ်းခြင်း လုပ်​ငန်းများနှင့် လုပ်ငန်းခွင်တွင် နေခြောက်လှန်းထားသည့် ငါးပုစွန်များ၊ ငါးဖမ်းပိုက်များနှင့် မှန်ပေါင်ငါးကန်များ အတွင်း ပြသထားသော ပင်လယ်ဂဏန်းများ၊ ငါးအမျိုးမျိုး၊ ပင်လယ်ကျောက်ပုစွန်များကို လည်းကောင်း စိတ်ဝင်တစား လှည့်လည်ကြည့်ရှု လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် လူရည်​ချွန်​​ ကျောင်းသား​ကျောင်းသူများသည်​ ငွေဆောင်မြို့ ဟိုတယ်ဇုန်ရှိ ဟိုတယ်​ကြီးများသို့ သွားရောက်လေ့လာကြပြီး ညပိုင်းတွင်​ ပုသိမ်​မြို့နှင့်​​ငွေ​ဆောင်​မြို့ရှိ အ​ခြေခံပညာ​ကျောင်း များမှ ​ကျောင်းသား​ကျောင်းသူများ၊ ပညာ အလင်္ကာ​တေးဂီတအဖွဲ့မှ ​တေးသံရှင်​များ၏​ အကအလှများ၊ တေးသီချင်းများဖြင့် ​​ဖျော်​​ဖြေတင်​ဆက်​မှုများကို ကြည့်ရှုအား​ပေးကြသည်​။
အလားတူ အင်းလေးခေါင်တိုင် အပန်းဖြေ လေ့လာရေးစခန်းမှ န၀မတန်း လူရည်ချွန် ကျောင်းသားကျောင်းသူများသည် နံနက်ပိုင်းတွင် ပင်းတယမြို့နယ် အတွင်းရှိ ကုံလုံဆရာတော်ကြီး၏ ရုပ်ကလပ်၊ ပုံတူ ရုပ်တုတို့ကို သွားရောက် ဖူးမြော်ကြသည်။
ထို့နောက် ပင်းတယမြို့နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ပင်းတယ ရွှေဥမင်သဘာဝလိုဏ်ဂူ ဘုရားသို့ သွားရောက်လေ့လာ ဖူးမြော်ခဲ့ပြီး အောင်ထီးလုပ်ငန်း အတွင်း ထီးများ ပြုလုပ်နေမှုနှင့် စပ်လျဉ်းပြီး အသေးစိတ် လေ့လာခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ လူရည်ချွန်ကျောင်းသားကျောင်းသူများ အဖွဲ့သည် ပင်းတယမှ တစ်ဆင့် အေးသာယာ မြို့သို့ သွားရောက်ကာ အေးသာယာစက်မှုဇုန်အတွင်း လည်ပတ်လျက်ရှိသည့် စိန်ငွေမြ အစာစပ် စက်ရုံ၊ အောင်ကြာဖူး သီးနှံအခြောက်ခံစက်ရုံ၊ ပတ္တမြားနဂါး သံရည်ကြိုစက်ရုံနှင့် စိန်ငွေမြ ပြောင်း အခြောက်ခံ စက်ရုံတို့ကို သွားရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။
ညနေပိုင်းတွင် လူရည်ချွန်အဖွဲ့သည် ခေတ္တတည်းခိုမည့် တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကြရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများက ကြိုဆိုခဲ့ကြသည်။
ထို့အတူ ပုဂံမြို့သို့ ရောက်ရှိနေကြသည့် အဋ္ဌမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက် ၉ နာရီခွဲတွင် စလေရုပ်စုံကျောင်းကြီးသို့ ရောက်ရှိကာ  ရုပ်စုံကျောင်းအနီး ပြသထားသော ပြခန်းများ၊ ရုပ်စုံကျောင်းပေါ်ရှိ ကုန်းဘောင်ခေတ် ရှေးဟောင်းအမွေအနှစ် ပစ္စည်းများအား လေ့လာကြပြီး စလေမြို့ဟောင်းရှိ ရှင်ပင်စာကြိုလှ ဘုရားကြီးအား သွားရောက် ဖူးမြော်ကြသည်။
လူရည်ချွန် ကျောင်းသားကျောင်းသူများသည် မွန်းလွဲပိုင်းတွင် ပုဂံလူရည်ချွန် စခန်းသို့ ပြန်လည် ရောက်ရှိကြပြီး မွန်းလွဲပိုင်းတွင် ကျပန်းစကားပြောပြိုင်ပွဲများ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
မျိုးဇင်နိုင်

No comments:

Post a Comment