Saturday, April 28, 2018

မသန်စွမ်းသူများ၏ ငြိမ်းချမ်ရေးတွဲလက်များ (Wheel Chair ရထား) ကော့သောင်း-ရန်ကုန် ငြိမ်းချမ်းရေးခရီးစဉ် ဂုဏ်ပြုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်


နေပြည်တော် ဧပြီ ၂၈
ငြိမ်းချမ်ရေးတွဲလက်များ (Wheel Chair ရထား) ကော့သောင်း-ရန်ကုန် ငြိမ်းချမ်းရေး ခရီးစဉ်တွင် ကော့သောင်းမြို့မှ ရန်ကုန်မြို့အထိ ပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ) တွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက “ယနေ့အခမ်းအနားတွင် ဂုဏ်ပြုရမည့်သူများသည် မသန်သော်လည်းစွမ်းကြသော သူများဖြစ်ပြီး ဂုဏ်ပြုထိုက်သူများ ဖြစ်ပါကြောင်း၊ ကိုယ်အင်္ဂါ မသန်စွမ်းကြသော်လည်း စိတ်ဓာတ်စွမ်းအင် မြင့်မားကြသူများဖြစ်ကြသဖြင့် ယခုကဲ့သို့သော အလုပ်အားအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကို ဂုဏ်ယူပါကြောင်း၊ ငြိမ်းချမ်းရေး တွဲလက်များ Wheel Chair ရထားအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သော “တို့လိုချင်တဲ့ ငြိမ်းချမ်းရေး နှုတ်ကဖွင့်ဟပြောကြားပေး” ဆိုသည့် အတိုင်း အချင်းချင်းငြိမ်းချမ်းရေးကို ရှေးရှုသော ပြုမူပြောဆို ဆောင်ရွက်ချက်များကို ပြောကြားလုပ်ဆောင်နေကြသကဲ့သို့ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့ တစ်ဦးချင်းစွမ်းနိုင်သည့်နည်းဖြင့် ပါဝင်ဆောင်ရွက်နေကြစေလိုပါကြောင်း၊ ဤမသန်စွမ်း သူများ၏ ငြိမ်းချမ်းရေးတွဲလက်များ (Wheel Chair ရထား) ခရီးစဉ်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး ဆက်လက်၍လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ကို သိရှိရသဖြင့် အားပေးဂုဏ်ယူပါကြောင်း၊ ဤအစီ အစဉ်တွင် ပါဝင်ခဲ့သူများနှင့် ပံ့ပိုးဆောင်ရွက်ကြသူများ အားလုံးကို ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက်ခဲ့သူများ၊ ပံ့ပိုးခဲ့ကြသူများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment