ရန်ကုန်
၂၈ ဧပြီ
ပြန်ကြားရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းနှင့်
၃၇ လမ်းထောင့်ရှိ စာပေဗိမာန်ရုံး၌ မြန်မာ့စွယ်စုံကျမ်း(မူသစ်) ပြန်လည်ထုတ်ဝေနိုင်ရေးနှင့်
မြန်မာဂန္ထဝင် အတွဲ(၁၀ဝ) စာစဉ်ထုတ်ဝေနိုင်ရေးအတွက် စာတည်း အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင်
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စာပေဗိမာန် စာတည်းအဖွဲ့ဝင်များက
လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး
လိုအပ်သည်များကို မှာကြားသည်။
ဆွေးနွေးပွဲသို့
ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ စာပေဗိမာန်မှ
စာတည်းအဖွဲ့များ တက်ရောက်ကြသည်။
မြန်မာ့စွယ်စုံကျမ်း(မူသစ်)
ပြန်လည်ထုတ်ဝေရေးနှင့် စပ်လျဉ်း၍ စာပေဗိမာန် စာတည်းမှူး ဦးစိုးမြင့်သန်း က “ ပထမစလုပ်တဲ့
အတွဲ(၁) အနေနဲ့ပါဝင်မယ့် “က”တည်ပုဒ်ကို ဆောင်ရွက်ရာမှာ အခက်အခဲလေးတွေ ဖြေရှင်းဖို့
ဝန်ကြီးက လမ်းညွှန်ထားတာ ရှိပါတယ်။ အဲဒီအတွက် အစည်းအဝေး လုပ်ခြင်း ဖြစ်ပါတယ်။ စာတည်းအဖွဲ့အနေနဲ့
ဆောင်ရွက်ပြီးသလောက် ပြီးသွားပါပြီ။ “က”တည်ပုဒ် ၇၄၄ ခုခန့်ရှိတဲ့နေရာမှာ ၂၇၀ လောက်က
ပြီးသွားပါပြီ။ လာမယ့် ဇွန်လမှာ ၄၀ဝ လောက်ပြီးအောင် ဆောင်ရွက်ပါမယ်။ ဖြစ်နိုင်ရင် စက်တင်ဘာလမှာ
အတွဲ(၁) စာအုပ်ထွက်နိုင်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ အကြောင်းအရာတစ်ခုကို ရေးမယ်ဆိုရင်
စံသတ်မှတ်ချက်ဆိုတာ ရှိပါတယ်။ ဥပမာ - မြို့၊ ရွာ၊ ဒေသတွေအကြောင်း ရေးမယ်ဆိုရင် တည်နေရာ၊
မြေမျက်နှာပြင်၊ ရာသီဥတု၊ လူဦးရေ ပါမယ် စသဖြင့် စံသတ်မှတ်ပါတယ်။ ထူးချွန်ထင်ရှားတဲ့
ပုဂ္ဂိုလ်တွေအကြောင်း ရေးမယ်ဆိုရင် သူက အသက်ဘယ်လောက်မှာ နိုင်ငံအတွက် ဘာတွေလုပ်ခဲ့သလဲ၊
ပုဂ္ဂလိကအနေနဲ့ ဘာတွေ လုပ်ခဲ့သလဲ၊ လောကနဲ့လူသားအကျိုးပြုလုပ်ငန်း ဘာတွေလုပ်ခဲ့သလဲ အစရှိသဖြင့်ပေါ့။
သူ့ရဲ့ ထူးချွန်ထင်ရှားတဲ့ အကြောင်းအရာတွေနဲ့ စွယ်စုံကျမ်းမှာ ပါသင့် ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ
ပါဖို့အတွက် ဒီစံသတ်မှတ်ချက်ပေါ့။ အဲဒီလိုမျိုးတွေ ဆက်လက် ဆောင်ရွက်ဖို့အတွက် အစည်းအဝေးလုပ်ပြီး
ဆောင်ရွက်မှာ ဖြစ်ပါတယ်။
“အရင် စွယ်စုံကျမ်းနဲ့ မတူပါဘူး။ စွယ်စုံကျမ်းထွက်ခဲ့တာ
၁၉၅၄ ခုနှစ်ဆိုတော့ တော်တော် လေးကြာနေပြီ၊ နှစ်ပေါင်း ၆၀၊ ၇၀ ရှိသွားပြီဆိုတော့ အကြောင်းအရာ
တွေကလည်း အသစ် တိုးလာတာ အများကြီး ရှိတယ်။ ဥပမာ မူလစွယ်စုံကျမ်းမှာဆိုရင် ကွန်ပျူတာ
ဆိုတဲ့အကြောင်း မပါဘူး။ အဲဒီတုန်းက ကွန်ပျူတာမှ မပေါ်သေးတာ။ ဒီနေ့အချိန်မှာ ကွန်ပျူတာ
အကြောင်းတွေ ပါလာမယ်။ နောက်တစ်ခုက ၁၉၅၀ ကျော် ကာလတစ်ဝိုက်က မရှိသေးတဲ့ အကြောင်းတွေ
ဒီဘက်မှာ ပြန်ထည့်ပါမယ်။ တချို့ အကြောင်းတွေကို နည်းနည်းထည့်ပြီး တချို့အကြောင်းအရာတွေ
ဖြုတ်သင့်တာ ဖြုတ်မယ်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ဘာသာပညာမှာ ကျွမ်းကျင်တဲ့ ပညာရှင် ပုဂ္ဂိုလ်တွေနဲ့
ဆောင်ရွက်မှာဖြစ်တဲ့အတွက် ပါဝင်တဲ့ အကြောင်းအရာတွေက တိကျပါတယ်၊ ခိုင်လုံပါတယ်။ မြန်မာ့စွယ်စုံကျမ်းအင်အားနဲ့
လျော်ညီတဲ့ စွယ်စုံကျမ်း ဖြစ်လာ မယ်လို့ ပြောချင်ပါတယ်။
“ မြန်မာ့စွယ်စုံကျမ်းလုပ်ဖို့ သန္ဓေတည်ခဲ့တာ ၂၀၁၆
ခုနှစ် နိုဝင်ဘာလကပါ၊ တကယ်လက်တွေ့ အလုပ်လုပ်တာက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ကစပြီး ယနေ့အထိ
လုပ်ခဲ့ပါတယ်။ အရင်လုပ်ခဲ့တဲ့ သူတွေကို မမှီပါဘူး။ ဒီဘက်မှာ စွယ်စုံကျမ်း ပြန်လုပ်တယ်ဆိုတာ
တော်တော်လေး ကျယ်ပြန့် ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ စာကြည့်တိုက်ပညာပါတယ်၊ အကြောင်းအရာပါတယ်ဆိုတော့
မြေစမ်း ခရမ်းပျိုးပုံစံမျိုး ပြန်လုပ်နေရတယ်။ ပုံစံက အသားမသေနိုင်သေးဘူး။ တဖြည်းဖြည်းနဲ့
ဒီစာအုပ်တွေက အတွဲလိုက်ထွက်လာမှာပါ။ ရှေ့အခက်အခဲတွေကို ကျော်လွှားတတ် သွားမယ်ဆိုရင်
နောက်ပိုင်းမှာ အတွဲတွေမှာ ထွက်ရှိဖို့မြန်သွားမှာပါ။ အတွဲ(၁)ကို စက်တင်ဘာလမှာ ဖြစ်အောင်
လုပ်မယ်လို့ စိတ်ကူးထားပါတယ်”ဟု ပြောသည်။
မြန်မာ့စွယ်စုံကျမ်း(မူသစ်)
ပြန်လည်ထုတ်ယူရေးတွင် ဦးဆောင်ကော်မတီတွင် ပညာရှင် ၉ ယောက်၊ အတိုင်ပင်ခံအဖွဲ့တွင် ၁၉
ယောက်၊ စာတည်းအဖွဲ့တွင် ၁၀ ယောက်၊ စာပေဗိမာန်စာတည်းအဖွဲ့၊ ထွန်းကော်မာရှယ်ဖောင်ဒေးရှင်း
စာတည်း အဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်ဌာနက တွဲဖက်ဝန်ထမ်း
၃ ယောက်၊ စာပေလက်ထောက်က ၃ ယောက် ပူးပေါင်း ဆောင်ရွက်ပြီး ဘာသာရပ် အလိုက် နယ်ပယ်အသီးသီးက
ပညာရှင် ၁၂၄ ယောက် အရန် ထားရှိကြောင်း သိရသည်။
မြန်မာဂန္ထဝင်
အတွဲ(၁၀ဝ) စာစဉ်ထုတ်ဝေနိုင်ရေးကော်မတီ အတွင်းရေးမှူး ဦးဇေယျာ က “မြန်မာဂန္ထဝင် အတွဲ(၁၀ဝ)
စာစဉ်နဲ့ပတ်သက်ပြီး (၂၀) ရာစုမှာ ရသစာပေ ဖြစ်တဲ့ ဝတ္ထုရှည်ပါမယ်။ ဝတ္ထုတို၊ ကဗျာ၊ ပြဇာတ်၊
အက်ဆေး ပါမယ်။ ဒီနေ့ ဆွေးနွေးသွားတာက ဝတ္ထုရှည်နဲ့ပတ်သက်ပြီး မြန်မာဂန္ထဝင် အတွဲ(၁၀ဝ)
စာစဉ် အတွဲ(၁) အတွက် ဝတ္ထုရှည် ၃ အုပ်၊ အဲဒီ ၃ အုပ်ကို ဒီနေ့အတည်ပြုတယ်။ အမှာစာ ရေးတယ်။
ဒီစာအုပ်ကို တည်းဖြတ်မှာက ဆရာဦးအေးချို (မဟာဝိဇ္ဇာ)ဖြစ်တယ်။ စာတည်းမှူးဖြစ်တဲ့ ဆရာမောင်ခင်မင်(ဓနုဖြူ)က
စာစဉ်တစ်ခုလုံးနဲ့ပတ်သက်ပြီး အမှာစာ ရေးမယ်။ ဒီစာအုပ်ကို မျက်နှာဖုံးလည်း လုပ်ပြီးပြီ။
ရိုက်ဖို့အဆင်သင့်ရှိနေပြီ။ အတွဲ(၁)မှာ ဂျိမ်း(စ်)လှကျော် ရေးတဲ့ မောင်ရင်မောင် မမယ်မ၊
ဝန်စာရေး ဦးကြီး ရေးတဲ့ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း၊ မအေးခင်ရေးတဲ့ ချစ်ရိုးအမှန်
ဒီသုံးအုပ်က အကုန်လုံး အဆင်သင့်ဖြစ်နေပြီ။
“ အတွဲ(၂)မှာ ဆရာကြီးရွှေဥဒေါင်းရဲ့ ရတနာပုံ၊ ဦးလတ်ရဲ့
ရွှေပြည်စိုး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံ အဲဒီဝတ္ထုတွေပါမယ်။ ဝတ္ထုရှည်
စာစဉ်(၃)တွဲအထိ စီစဉ်နေပါပြီ။ ဝတ္ထုရှည်က လျာထားတာ ၈၁ အုပ်ရှိတယ်။ ဝတ္ထုရှည်ကို ထပ်ဖြည့်ဖို့
အစီအစဉ်ရှိတယ်။ ဝတ္ထုရှည်ပြီးရင် ကဗျာ၊ ဝတ္ထုတို၊ ပြဇာတ်၊ အက်ဆေးတို့ကို ကော်မတီတွေဖွဲ့ပြီး
ဆောင်ရွက်နေဆဲ၊ ဆောင်ရွက်နေပါတယ်။ ဝတ္ထုရှည်ကို လေ့လာမယ်ဆိုရင် ဝတ္ထုရှည်လောကမှာ ခေတ်အဆက်ဆက်
ဂန္ထဝင်မြောက်တဲ့ဝတ္ထု တွေ ဒါတွေက မတိမ်ကောနိုင်ဘူး။ ရသပိုင်းရော၊ သုတပိုင်းရော ဒါတွေက
ဂန္ထဝင် မြောက်တဲ့ ဝတ္ထုတွေကို အလေးပေးပြီး ရွေးချယ်ပေးထားတာပါ။
“ ခေတ်အဆက်ဆက်က ပညာရှင်တွေရေးခဲ့တဲ့ ဝတ္ထုရှည်စာတမ်းတွေကို
ဖတ်တယ်။ ဖတ်ပြီး ဘယ်ဝတ္ထုတွေက ဂန္ထဝင်မြောက်သလဲ သတ်မှတ်ထားတာရှိတယ်။ စာဖတ်ပရိသတ်အားလုံးကိုမျှပြီး
ဘယ်အချိန်ပဲဖတ်ဖတ် မရိုးနိုင်တဲ့ဝတ္ထုရှည်မျိုး၊ အဲဒီလို အရည်အချင်းမျိုးနဲ့ပြည့်တဲ့
ဝတ္ထုရှည်တွေကို အားလုံးရဲ့ သုံးသပ်ချက်နဲ့ ရွေးချယ်ခဲ့တယ်၊ ဝတ္ထုရှည်က အနည်းဆုံး ၁၆
တွဲ၊ ၁၇ တွဲအထိ ထွက်ရမှာပါ။ ဖြစ်နိုင်မယ်ဆိုရင် တစ်လ ကို ၂ အုပ်နှုန်းထွက်ဖို့ လျာထားတယ်။
စာမျက်နှာ ၅၀ဝ နဲ့ ၆၀ဝ ကြားမှာ ထွက်ရမယ်၊ ပြီးရင် ဒီဝတ္ထုနဲ့ပတ်သက်ပြီး သုံးသပ်ချက်၊
လေ့လာချက်၊ နိဒါန်းရှည်တို့ ရေးရမယ်။ ပညာရှင်အားတော့ နည်းနည်းလိုမယ်။ အတွဲ(၁)နဲ့ (၂)အတွက်
အဆင်သင့်ဖြစ်နေပါ တယ်။ ဒီနှစ်ထဲမှာ ဝတ္ထုရှည်က စဉ်ဆက်မပြတ် ထွက်သွားမှာပါ”ဟု ပြောသည်။
မူပိုင်ခွင့်အနေဖြင့်
ယင်းဂန္ထဝင်ဝတ္ထုရှည်များကို ရေးခဲ့သည့် ပုဂ္ဂိုလ်များ သက်ရှိ ထင်ရှား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
၎င်းတို့၏မိသားစုဝင်များကို စာမူခ ၁၅ ရာခိုင် နှုန်း၊ စာတည်းအဖွဲ့နှင့် ရွေးချယ်ရေး အဖွဲ့ကို
၅ ရာခိုင်နှုန်း ချီးမြှင့်သွားရန် သတ်မှတ်ထားကြောင်း သိရသည်။
သတင်း
- ရီရီမြင့်
ဓာတ်ပုံ-
ဇော်မင်းလတ်
No comments:
Post a Comment