Saturday, April 28, 2018

“ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုအပေါ် ကျန်းမာရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေ”


နေပြည်တော်  ဧပြီ ၂၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ နှင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

အမှိုက်ပုံမီး စတင်လောင်ကျွမ်းသည်မှ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဧပြီ-၂၇ ရက်အထိ တက်ရောက်၍ ဆေးဝါးကုသမှု ခံယူသူ(၂၆)ဦးနှင့် ၂၈ ရက်တွင် (၁)ဦး၊ စုစုပေါင်း(၂၇)ဦးနှင့် ဧပြီ- ၂၇ ရက်အထိ ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူသူ (၂၁)ဦးနှင့် ၂၈ ရက်တွင် (၆)ဦး၊ စုစုပေါင်း (၂၇)ဦးရှိခဲ့သည်။ ဧပြီ ၂၈ ရက်တွင် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူသော လူနာများ၏ သွေးတွင်းရှိ Carboxyhaemoglobin ပမာဏကို စစ်ဆေးကြည့်ခဲ့ရာ ပုံမှန်ပမာဏ အတွင်းသာရှိကြောင်း တွေ့ရပြီး ဆေးရုံတက်ရောက် ကုသမှုခံယူသူများမှ ရောဂါသက်သာကောင်းမွန်သဖြင့် ဧပြီ ၂၇ ရက်အထိ စုစုပေါင်းလူနာ(၁၂)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ပေးခဲ့သည့် လူနာ(၁)ဦးနှင့် ကျန်ရှိသော အတွင်းလူနာ (၁၄)ဦး တို့၏ ကျန်းမာရေး အခြေအနေမှာလည်း သက်သာကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် ကွင်းဆင်းအဖွဲ့ဝင်များသည် ယနေ့၊ နံနက်ပိုင်းတွင် ပရဟိတ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး၍ လုပ်ငန်းကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆောင်သော ဗဟိုကွင်းဆင်းအဖွဲ့များမှလည်း လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိသည့် ယာယီဆေးခန်းများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ကြီးကြပ်အားဖြည့်ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေး ဌာနခွဲသည် လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်း လုပ်ငန်းများကို လှိုင်သာယာမြို့နယ် (၆) ရပ်ကွက်နှင့် (၂၀)ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် ကံလှကျေးရွာနှင့် ရွှေလင်ပန်း ကျေးရွာတို့သို့ ရွှေ့ပြောင်း၍  ဆက်လက်တိုင်းတာ ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားမှုများကို အနီးကပ် စောင့်ကြပ်ကြည့်ရှု၍ အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့အစည်း များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment