နေပြည်တော်
ဧပြီ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် (၃၂)ကြိမ်မြောက်
အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနား နှင့် (၃၂)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏
သီးသန့် အစည်းအဝေးသို့ တက်ရောက်သည်။
(၃၂)ကြိမ်မြောက်
အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စင်ကာပူနိုင်ငံ
ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်လာကြသည့် အာဆီယံနိုင်ငံ့များမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့် ကိုယ်စားလှယ်များအား အာဆီယံအလှည့်ကျ
ဥက္ကဋ္ဌ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာလီရှန်လွန်းက
ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
(၃၂)ကြိမ်မြောက်
အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို စင်ကာပူ ကျောင်းသူ၊ ကျောင်းသားလေးများ၏
အာဆီယံအထိမ်းအမှတ်သီချင်း စုပေါင်းသီဆိုမှုဖြင့် စတင်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင်
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းက အဖွင့်အမှာစကား
ပြောကြားသည်။
ထို့နောက်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်းတို့သည်
အာဆီယံနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ စုပေါင်း၍
မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ
ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊
အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ
နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊
အာဆီယံအတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြည်တွင်း ပြည်ပမှ သတင်းမီဒီယာများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းနောက်
အာဆီယံနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ နှင့် ကိုယ်စားလှယ်များသည်
ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် အာဆီယံအဆင့်မြင့်မြို့တော်များ သရုပ်ပြ ရှင်းလင်းပွဲ
(ASEAN Smart Cities Showcase) သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။
ထို့နောက်
(၃၂)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ သီးသန့်အစည်းအဝေးကို ရှန်ဂရီလာဟိုတယ်၌ ဆက်လက်ကျင်းပရာ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဘရူနိုင်းဘုရင်
ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ၀ါဒူလာ၊ အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၊
ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေး၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း၊
ဗီယက်နမ်ဝန်ကြီးချုပ်
မစ္စတာ ငုယင်စွမ်းဖု၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်
မစ္စတာ ဆမ်ဒက်ဟွန်ဆန်၊ လာအိုဝန်ကြီးချုပ် မစ္စတာထောင်လွန်း ဆီဆုလစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်
မစ္စတာ ပရာယွတ်ချန် အိုချာနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ် ၏ အထူးကိုယ်စားလှယ် မစ္စတာ
မူဆာဟီတန်တို့ တက်ရောက်ကြသည်။
ထို့နောက်
နိုင်ငံတော်သမ္မတသည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်က အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့်
အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
ထို့ပြင်
နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဘရူနိုင်းဘုရင်တို့နှင့် ယနေ့နံနက်ပိုင်းတွင် လည်းကောင်း၊
ဗီယက်နမ်ဝန်ကြီးချုပ်နှင့်
မွန်းလွဲပိုင်းတွင် လည်းကောင်း ရှန်ဂရီလာဟိုတယ်၌ သီးခြားစီ တွေ့ဆုံခဲ့သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်
မစ္စတာ ပရာယွတ်ချန် အိုချာနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အရေးကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင်
မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုနှင့် တရားမဝင် ကုန်စည်ပို့ဆောင်မှုများကို ပူးတွဲနှိမ်နင်းရေးကိစ္စ၊
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအား ဆောလျင်စွာ အကောင်အထည် ဖေါ်ရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊
မြန်မာ-ထိုင်း ဒုတိယမြောက် ချစ်ကြည်ရေးတံတား ဖွင့်လှစ်နိုင် ရေးကိစ္စ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်
ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့်
စီးပွားရေးနှင့် လူမှုရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးအပ်ရေးကိစ္စ၊
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွင်
ပါဝင် အထောက်အကူပြုရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
ဘရူနိုင်းဘုရင်
ဆူလ်တန် ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား
ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ဖွံ့ဖြိုးတိုးတက်ခိုင်မာလာစေရေး
ကိစ္စ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် သွားရောက်နိုင်ရေးကိစ္စ၊
ဘရူနိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွက် ပညာသင်ဆုများ၊ လေ့လာရေးခရီးစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့်
သင်တန်းများ ဆက်လက်ထောက်ပံ့ပေးရေးကိစ္စ၊ နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့်စီးပွားရေး
လုပ်ငန်းများ မြှင့်တင်နိုင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်သွားရန် ကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြပြီး ဘရူနိုင်းဘုရင်က နိုင်ငံတော် သမ္မတအား နှစ်ဖက်အဆင်ပြေသည့် အချိန်တွင်
ဘရူနိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ဗီယက်နမ်ဝန်ကြီးချုပ်
မစ္စတာ ငုယင်စွမ်းဖုနှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား နိုင်ငံခေါင်းဆောင်ကြီးများ
ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့ လက်ထက်ကပင် စတင်တည်ထောင်ခဲ့သည့်
ချစ်ကြည်ရင်းနှီးမှုများကို ပိုမို ခိုင်မာလာအောင် ဆောင်ရွက်ရန်ကိစ္စ၊ နှစ်နိုင်ငံအကြား
ဆက်ဆံရေးကို ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်ပြီးဖြစ်ပါ၍
နှစ်နိုင်ငံ အကြား နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စ၊ နှစ်နိုင်ငံအကြား
ကုန်သွယ်မှု ပမာဏအမေရိကန်ဒေါ်လာ (၁)ဘီလီယံ ရည်မှန်းချက်သို့ တိုးမြှင့်နိုင်ရေး၊ ရင်းနှီး
မြှုပ်နှံမှုတိုးမြှင့်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုကဏ္ဍ၊ ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု
ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပြီး ဗီယက်နမ်နိုင်ငံ
ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတအား နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် ဗီယက်နမ် နိုင်ငံသို့
တရားဝင်ချစ်ကြည်ရေးခရီး လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့်
မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား
စင်ကာပူနိုင်ငံ Senior Minister of State in Ministry of Health and Ministry of
Transport Dr. Lam Pin Min၊ စင်ကာပူ နိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးဌေးအောင်နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး ၀င်းမြတ်နှင့်ဇနီး၊
မြန်မာသံရုံးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လေဆိပ်၌
ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည်
ညနေ ၅ နာရီ မိနစ် ၅၀ တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိရာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား
နိုင်ငံတော်သမ္မတ၏ ဇနီးဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊
ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ
ဒေါက်တာ မျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မြင့်မော်၊
သမ္မတရုံး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးမင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး
H.E.Ms. Vanessa Chan နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ အပြည်ပြည်ဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ
ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)
No comments:
Post a Comment