Sunday, April 29, 2018

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ရတနာန၀ရတ်စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အထွတ်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ


ရန်ကုန်-ဧပြီ ၂၉

ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော် ရတနာန၀ရတ် စိန်ဖူးတော်၊ ရတနာ ငှက်မြတ်နားတော်နှင့် ရွှေစင်ရွှေသား ရွှေထီးတော် အထွတ်တင်နှင့် ဗုဒ္ဓါ ဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ စေတီတော်၌ကျင်းပသည်။


ရှေးဦးစွာ နန်းဦးဘုရားကြီး တန်ဆောင်း၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ ပရိသတ်က ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော် သံဃာတော်များက သမန္တာမှစ၍ မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ကြသည်။

ဆက်လက်၍ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ် သဲများကိုယူဆောင်၍ စေတီတော်ရင်ပြင်၌ ပက်ဖျန်းကြဲပက် ချည်နှောင်တားဆီး ကာရံ ကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ ဘုရားဒါယကာ၊ ဒါယိကာ မများနှင့် အလှူရှင်များက ရတနာ န၀ရတ်စိန်ဖူးတော်၊ ရတနာ ငှက်မြတ်နားတော်နှင့် ရွှေစင်ရွှေသား ရွှေထီးတော်တို့ကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်ပြီး ဆရာ တော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်း ကြသည်။

ဆက်လက်၍ မန္တလေးသိန်းဇော်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ကထိက ဒေါ်ခိုင်ဇင်ရွှေတို့က ဓမ္မတေးများဖြင့် ပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင် မင်းကျောင်းဆရာတော်ထံမှ ပရိသတ်က အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ ဘုရားဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင် များက ရတနာ န၀ရတ် စိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်နှင့် ရွှေစင်ရွှေသား ရွှေထီးတော် ဘုံအဆင့်များ၊ ဆည်းလည်းတော်များ၊ ဆပ်သွားဖူးတော်၊ ဇွန်းဘုံတော် တို့ကို ပင့်ဆောင်၍ စေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကာ သတ်မှတ် နေရာသို့ ပို့ဆောင်ပေးကြ ပြီး မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များက ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော် ဆောင် သန်လျင်မင်းကျောင်းဆရာတော် အမှူးပြုသော နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တဣဒ္ဓိဗလနှင့် ဆရာတော် သံဃာတော်များ ကြွရောက်တော်မူကြပြီး အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့် ဇနီး၊ လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီး အကဲများနှင့် တာဝန်ရှိသူများ၊ ဘုရားဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များ တက်ရောက်ဖူးမြော် ကြည်ညိုကြသည်။

(သတင်းစဉ်)
====









No comments:

Post a Comment