ရန်ကုန် ဧပြီ ၂၈
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံရုံးတို့ ပူးပေါင်း၍ အထည်ချုပ်လုပ်ငန်းအတွက် လုပ်ငန်းခွင်
ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင် အသိပေးရှင်းလင်းပွဲကို
ရန်ကုန်မြို့၊ Chatrium ဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
အသိပေး ရှင်းလင်းပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး
H.E Peter Lysholt Hansen၊ ဦးစီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အလုပ်ရှင်၊ အလုပ်သမား
အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ အထည်ချုပ်လုပ်ငန်းအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်
ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာစောင် ပြုစုရေးဆွဲခဲ့ရာတွင် ပါဝင်ခဲ့သည့်
သုံးပွင့်ဆိုင် အဖွဲ့ဝင်များ၊ အထည်ချုပ်စက်ရုံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အသိပေးရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထည်ချုပ်
ကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနေသည့် လုပ်ငန်း
တစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနေသော လုပ်ငန်းဖြစ်ကြောင်း၊
လာမည့် ၂၀၂၀ ခုနှစ် အထည်ချုပ် ကဏ္ဍတွင် အလုပ်သမား (၁) သန်းမှ (၁ ဒသမ ၅) သန်းထိ အလုပ်လုပ်ကိုင်နိုင်မည့်
အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဟု ခန့်မှန်းထားပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၈ ဘီလီယံမှ ၁၀
ဘီလီယံထိ တိုးလာမည်ဟု ခန့်မှန်းထားပြီး လုပ်ငန်းခွင်
ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အပါအဝင် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်
အလေ့အထကောင်းများ အတိုင်း ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်စွမ်းအားနှင့် အရည်အသွေး မြင့်တက်
လာပြီး ဥရောပ၊ အမေရိကကဲ့သို့ နိုင်ငံတကာ ဈေးကွက်ကြီးများသို့ တိုးမြှင့် တင်ပို့နိုင်မှာဖြစ်ကြောင်း၊
အထည်ချုပ် လုပ်ငန်းများအတွက် လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ
လမ်းညွှန် စာစောင်ကို သုံးပွင့်ဆိုင် ပူးပေါင်းပြုစု ရေးသားခဲ့ကြောင်း၊ လမ်းညွှန်စာစောင်တွင်
အထည်ချုပ် လုပ်ငန်းများ၌ အဓိကဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များ၊ အလုပ်ရှင်၊ မန်နေဂျာ၊
အလုပ်သမား များအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်သက်၍
တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သင့်သည့် အချက်များ ဖော်ပြထားကြောင်း၊ အထည်ချုပ်လုပ်ငန်းများ
သာမက အခြားလုပ်ငန်းများရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများပါ လုပ်ငန်းခွင် ဘေးအန္တရာယ်
ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း ကိုးကားအသုံးပြုနိုင်သည့်
လမ်းညွှန်စာစောင်ဖြစ်၍ များစွာ အကျိုးရှိစေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ
ဒိန်းမတ်သံအမတ်ကြီး H.E Peter Lysholt Hansen က အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E
Peter Lysholt Hansen ဦးဆောင်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များက လုပ်ငန်းခွင်
ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ ပြဌာန်းချိန် အကောင်အထည်ဖော်ရမည့် သုံးပွင့်ဆိုင်
ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ စကားဝိုင်းပုံစံဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း
သတင်း ရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment