နေပြည်တော်၊ ဧပြီ ၂၇
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ
ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့
ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊
ဦးခင်မောင်ချိုနှင့် ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ်
ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌ၊
ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင်
ဒုတိယသမ္မတက ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင်
စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ တစ်နှစ်ခွဲကျော်ခန့် ရှိပြီဖြစ်ရာ ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထိုက်အလျောက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
ကော်မတီ စတင်ဖွဲ့စည်းစဉ်ကတည်းက လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ခဲ့ပြီး ကော်မတီလုပ်ငန်း တာဝန်များ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်
လုပ်ငန်းကော်မတီ (၅)ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့်
ပုဂ္ဂလိကလုပ်ငန်းကဏ္ဍများ သိသိသာသာ တိုးတက်လာနိုင်မည်ဖြစ်သည့်အတွက်
လုပ်ငန်းကော်မတီများ၏ကဏ္ဍသည် အရေးကြီးသည်ကို တွေ့ရှိရပါကြောင်း၊ ပြီးခဲ့သည့် ဆဋ္ဌမအကြိမ်မြောက်အစည်းအဝေးအထိ
ဆုံးဖြတ်ချက်စုစုပေါင်း (၄၅)ချက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီး (၄၂)ချက်နှင့် ဆောင်ရွက်ဆဲ
(၃)ချက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်ရှိနေသည့်
ဆောင်ရွက်ဆဲလုပ်ငန်း(၃)ချက်တွင် ချေးငွေနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ စုဆောင်းသည့်အဖွဲ့အစည်း
(Credit Bureau) သည် မကြာမီ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမည်ဖြစ်ပါကြောင်း၊ ကျန်(၂)ခုဖြစ်သည့်
Ease of Doing Business အဆင့် တိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက် မှတ်ပုံတင်
ရာတွင် ၀န်ကြီးဌာနအသီးသီး၌ သီးခြားစီဆောင်ရွက်နေခြင်းကို ၀န်ကြီးဌာန(၁)ခု၊ တစ်နေရာတည်း တွင် မှတ်ပုံတင်ခြင်းစနစ်(Single Registration System )ကျင့်သုံးခြင်းတို့ကို
အကောင်အထည် ဖော်ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ၎င်းအချက် ( ၂ )ချက်သည် အချိန်ယူ၍ ဆောင်ရွက်ရသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
အထောက်အကူပြုနိုင်ရေး အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အစုအဖွဲ့အလိုက်၊
လုပ်ငန်းကဏ္ဍများအလိုက် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိရာ
ပြီးခဲ့သည့် ဧပြီလအထိ တွေ့ဆုံဆွေးနွေးမှု အကြိမ်ပေါင်း
(၁၆)ကြိမ် ဆောင်ရွက်ခဲ့ပြီး အကြံပြုတင်ပြချက်စုစုပေါင်း (၂၄၅)ချက် ရှိခဲ့ပါကြောင်း၊
အဆိုပါအချက်များအားလုံးကို သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များထံသို့
ပြန်ကြားပေးပြီး ဖြစ်ပါကြောင်း၊ အချို့ကိစ္စရပ်များမှာ နှစ်ဆင့်သုံးဆင့် ဖြေရှင်းဆောင်ရွက်ပေးရမည့်
လုပ်ငန်းများ ဖြစ်နေသဖြင့် လုပ်ငန်းကော်မတီ (၅)ရပ်အနေဖြင့် သက်ဆိုင်ရာဝန်ကြီး
ဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ တွေ့ဆုံ၍
ဆွေးနွေးပွဲ (Private-Public Dialogue) များကို စဉ်ဆက်မပြတ်ပြု လုပ်၍ ပြီးပြတ်သည်အထိ
ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
၂၀၁၈ ခုနှစ် Doing
Business နှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှထုတ်ပြန်သည့် အစီရင်ခံစာ
တွင် မြန်မာနိုင်ငံသည် အဆင့်(၁၇၁)၌ ရောက်ရှိနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊
(၃)နှစ်အတွင်း အဆင့် (၁၀၀)အောက်ရောက်ရှိရန် ရည်မှန်းချက်ထား၍
ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါရည်မှန်းချက်အောင်မြင်စေရန်အတွက်
Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ကို စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဆောင်သည့်
အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ Ease of Doing Business
Indicator များအလိုက် ညွှန်းကိန်း(၁၀)ခုကို လုပ်ငန်းအဖွဲ့(၁၀)ဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေပြီဖြစ်
ပါကြောင်း၊ Ease of Doing Business အဆင့်ပိုမိုတိုးတက်မှု ရရှိစေရေးအတွက် ညွှန်းကိန်း
တစ်ခုခြင်းအလိုက် လုပ်ငန်းစီမံချက် (Work Plan)
များကို စနစ်တကျချမှတ်ကာ ရည်မှန်းချက်ထား ၍ ဆောင်ရွက်သွားကြစေလိုပါကြောင်း။
စီးပွားရေးလုပ်ငန်းများမှတ်ပုံတင်ရာတွင်
အာဆီယံနိုင်ငံများနည်းတူ One Stop Service ဖြင့်
တစ်နေရာတည်းတွင် လုပ်ငန်းအားလုံးပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက
ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမှသာ
Ease of Doing Business တွင် အဆင့်တိုးတက်လာရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း။
ကမ္ဘာ့ဘဏ်မှ
ထုတ်ပြန်မည့် Ease of Doing Business အစီရင်ခံစာနှင့် ပတ်သက်၍ စစ်တမ်းများကောက်ယူသည့်အချိန်တွင်
၂၀၁၉ ခုနှစ်အတွက် Survey Questionnaire
များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်သည့်
Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှု၊ အထောက် အကူပြုအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စံပြုအဖြေလွှာများကို
ပြုစု၍ဖြေဆိုရန် အလားအလာ ရှိသည့် ဖြေဆိုသူများ ကိုးကားနိုင်ရေးအတွက် အချိန်မီပေးပို့ရန်
လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါ ကိုးကားချက်များကို အလေးထားဆောင်ရွက်မှသာ
Ease of Doing Business Ranking တိုးတက်လာမည်ဖြစ်သဖြင့်
ညွှန်းကိန်းများတိုးတက်စေရေး အထောက်အကူပြုအဖွဲ့ (၁၀)ဖွဲ့၏ တာဝန်ခံအဖွဲ့ခေါင်းဆောင်များအနေဖြင့်
စေ့စပ်သေချာစွာ အလေးအနက်ထားဆောင်ရွက် သွားကြစေလိုပါကြောင်း။
ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊
လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊ Ease of Doing Business Ranking တိုးတက် စေရေး လုပ်ငန်းအဖွဲ့(၁၀)ဖွဲ့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများအနေဖြင့်
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း
ပြောကြားသည်။
ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိက
ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမည့်လုပ်ငန်းအခြေအနေများ၊
စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စေမှု အဆင့်တိုးတက်ရေးဆောင်ရွက်မှုများနှင့်
ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သည့်အခြေအနေများကို
ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်
ဦးတိုးအောင်မြင့်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု
အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခြေခံလူသားအရင်းအမြစ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊
ငွေကြေး ရရှိစေနိုင်မှုဆိုင်ရာများဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၊
ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ ၀န်းကျင် တိုးတက်ကောင်းမွန်စေရေးလုပ်ငန်းကော်မတီ၊
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီနှင့် စီးပွားရေးနှင့် ၀န်ဆောင်မှုဆိုင်ရာလုပ်ငန်းများတွင်
နိုင်ငံ၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက
သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကော်မတီဝင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က
ချေးငွေနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များစုဆောင်းသည့် အဖွဲ့အစည်း (Credit
Bureau) ထူထောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး
ဦးဝင်းခိုင်က Ease of Doing Business ကဏ္ဍ (၁၀)ခုမှ လျှပ်စစ်ဓာတ်အားရရှိရေးနှင့်
စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ကော်မတီဝင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများက ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက်
ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် Ease of Doing Business Ranking တိုးတက်ရေး အထောက်အကူပြု
အဖွဲ့များမှ တာဝန်ရှိသူများက Ease of Doing Business အစီရင်ခံစာနှင့် ပတ်သက်၍ လက်ရှိ
အခြေအနေနှင့် မျှော်မှန်းချက်များကို ညွှန်းကိန်းနယ်ပယ်အလိုက်
ဆောင်ရွက်ထားရှိမှုအခြေအနေ များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး
မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက Ease of Doing
Business Ranking တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ
ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး
နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို
ရုပ်သိမ်းခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment