Friday, April 27, 2018

ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ ဘားအံမြို့တွင် ကျင်းပ



ဘားအံ ဧပြီ ၂၇
        ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကို “တိုင်းရင်းမီဒီယာ ရေရှည် တည်တံ့ရေး မီဒီယာဆိုင်ရာ အသိမြှင့်တင်ပေး ” ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဖဒိုစောသမိန်ထွန်းတို့က တိုင်းရင်းမီဒီယာ ညီလာခံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

        ဆက်လက်ပြီး တိုင်းရင်းမီဒီယာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူလေးများက ဒုံးယိမ်းအကဖြင့် သီဆိုတီးမှုတ်ကပြ ဖျော်ဖြေကြသည်။
ယင်းနောက် Burma News International (BNI) မှ အမှုဆောင် နိုင်ကဆော့မွန်က ဆဋ္ဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့် အစီအစဉ်များ၊ ယခင်က တိုင်းရင်းမီဒီယာ ညီလာခံ များ ကျင်းပခဲ့မှုအခြေအနေတို့ကို  ရှင်းလင်းတင်ပြသည်။
        ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြောကြား ရာတွင် မိမိတို့နိုင်ငံ၌ တိုင်းရင်းသားလူမျိုးစု များပြားစွာ ရှိနေသဖြင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်ရာတွင် တိုင်းရင်းမီဒီယာများသည် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေပါကြောင်း။
 တိုင်းရင်းသားလူမျိုးစုများ စာပေနှင့် အသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများကို သိရှိပြီး တိုင်းရင်းမီဒီယာများ အနေ ဖြင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို စဉ်စားဆောင်ရွက်နိုင်ရန် ရှင်းလင်း ပြောကြားလိုပါကြောင်း၊ မီဒီယာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ခွင့်ရရှိနိုင်ရန် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုံနှိပ်မီဒီယာကဏ္ဍတွင် ပုံနှိပ်ထုတ်ဝေခွင့်များ၊ မှတ်ပုံတင်အတည်ပြုပြီး ခွင့်ပြုပေးနေပါကြောင်း၊ ၄င်းတွင် တိုင်းရင်းသားဘာသာ စကားများဖြင့် ထုတ်ဝေသည့် သတင်းဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းများစွာ ပါဝင်ပါကြောင်း၊ ဆက်လက်ပြီးလည်း တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ်မဂ္ဂဇင်းများအပြင် စာအုပ်စာစောင်များ ထုတ်ဝေနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
 နိုင်ငံပိုင်သတင်းစာများတွင်လည်း တိုင်းရင်းသားဘာသာများဖြင့် ထုတ်ဝေ သည့် အချပ်ပိုစာမျက်နှာများကို ကြားညှပ်ထည့်သွင်းပြီး ဖြန့်ဝေပေးလျက် ရှိပါကြောင်း၊ ၄င်းတွင် ကရင်ပြည်နယ်အတွင်း ဖြန့်ဝေသည့် သတင်းစာများ၌ မွန်၊ ပိုးကရင်၊ စကောကရင်၊ ပအိုဝ်းဘာသာများဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်တွင် ဖြန့်ဝေသည့် သတင်းစာများ တွင် ဂျိမ်းဖောဘာသာဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ် တွင် ဖြန့်ဝေသည့် သတင်းစာ များတွင် မြန်မာဘာသာနှင့် ရခိုင်ဘာသာတို့ဖြင့် လည်းကောင်း ဖြန့်ဝေပေးလျက်ရှိပါ ကြောင်း။
 အလားတူ တိုင်းရင်းသားဘာသာများဖြင့် ဆက်လက် ထုတ်ဝေနိုင်ရေး၊ တိုင်းရင်း မီဒီယာများအနေဖြင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ရုပ်မြင်သံ ကြားကဏ္ဍတွင် ရုပ်သံမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်သံလိုင်း အသစ် ငါးလိုင်း တိုးချဲ့လုပ်ကိုင်ခွင့်ပြုထားပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သည် တိုင်းရင်းသား လူမျိုးစုများ ရုပ်သံလိုင်းတွင် ဘာသာစကား ၁၁ မျိုးဖြင့် ထုတ်လွှင့်ဖော်ပြပေးလျက်ရှိ ပါကြောင်း၊ ရေဒီယိုအစီအစဉ်တွင် ဘာသာစကား ၁၇ မျိုးဖြင့် ထုတ်လွှင့်ပေးလျက် ရှိပါကြောင်း။
 လက်ရှိထုတ်လွှင့်မှုများအပြင် ထပ်မံတိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် တိုင်းရင်း မီဒီယာများအနေဖြင့် ညှိနှိုင်းဆွေးနွေးပြီး လုပ်ကိုင်နိုင်ပါကြောင်း၊ ရေဒီယိုနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ ဒေသများအပါ အဝင် နိုင်ငံအနှံ့အပြားတွင် ရေဒီယိုလုပ် ငန်းလုပ်ကိုင် လိုမှုများ ရှိနေသည်ကို သိရှိရပါ ကြောင်း၊ ရပ်ရွာအလိုက် Community Radio များ လုပ်ကိုင် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ်တွင် ခရေ FM အမည်ဖြင့် Community Radio အစီအစဉ်ကို စမ်းသပ်ပြီး ထုတ်လွှင့်နေပါကြောင်း၊ ရုပ်သံဥပဒေပြင်ဆင်ရေး ဆောင်ရွက်လျက်ရှိရာ အတည်ပြုပြီးပါက နည်းဥပဒေဆက် လက် ရေးဆွဲ အတည်ပြုပြီး Community Radio လုပ်ကိုင်လိုသူများ ဆက်လက်ဆောင် ရွက် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သတင်းရယူမှုနှင့်ပတ်သက်၍ တိုင်းရင်း သားမီဒီယာများအပြင် မြန်မာနိုင်ငံတွင် မီဒီယာ လုပ်ငန်းဆောင်ရွက်နေကြသည့် အဖွဲ့ အစည်းများ သတင်းရယူခွင့် တိုးတက်စေရန် အတွက် ဆောင်ရွက် ပေးနေပါကြောင်း။
 မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအပါအဝင် မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေပါကြောင်း၊ ထိုကဲ့သို့ စီစဉ်ဆောင်ရွက်လျက် ရှိရာတွင် မဏ္ဍိုင်(၃)ရပ်နှင့် သတင်းမီဒီယာသမားများ ထိတွေ့သည့် အစီအစဉ်များလည်း ပူးတွဲပြီး လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါကြောင်း။
နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)၏ ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန် ခဲ့သည့် Freedom of the Press Index တွင် မြန်မာနိုင်ငံကို အဆင့် ၁၃၇ ဖြင့် ထုတ်ပြန် ထားပါကြောင်း၊ ၄င်းမှာ ယခင်နှစ်သတ်မှတ်ချက်ထက် အနည်းငယ် ကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၄င်းမှာ နိုင်ငံတကာနှင့် ဆက်စပ်သည့် ပြဿနာတစ်ရပ်အပေါ် သက် ရောက်မှုကြောင့်ဟု ထင်မြင်ပါကြောင်း။
 သို့သော်လည်း ကမ္ဘာ့အကြီးမားဆုံး  ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယ နိုင်ငံမှာ မိမိတို့နိုင်ငံ၏ နောက်တစ်ဆင့်တွင် ရှိနေပါကြောင်း၊ အခြားအိမ်နီး ချင်းနိုင်ငံ များဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ အဆင့်အတန်း သတ်မှတ်ချက်များမှာ မိမိတို့နိုင်ငံအား  သတ်မှတ်ချက်ထက် အောက်ဘက်တွင် ရှိနေပါကြောင်း။
 အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါကလည်း မိမိတို့နိုင်ငံမှာ အဆင့်(၃)တွင် တွေ့ရှိ ရပြီး အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့မှာ မိမိတို့နိုင်ငံ၏ အဆင့်သတ်မှတ် ချက်အပေါ်တွင် ရှိနေကြပါကြောင်း၊ ၄င်းသတ်မှတ်ချက်များအပေါ် ကျေနပ်အားရမှု ရှိ၍ ပြောဆိုနေခြင်း မျိုး မဟုတ်ပါကြောင်း၊ နိုင်ငံတကာ အသိအမှတ်ပြုထားသည့် အဖွဲ့အစည်းတစ်ခု၏ သတ်မှတ်ချက်တွင် မိမိတို့နိုင်ငံ၏ အဆင့်အတန်း သတ်မှတ်ချက် ကျဆင်းသွားခြင်းမျိုးကို မလိုလား မနှစ်သက်ပါကြောင်း၊ မိမိတို့ အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံချိန်များတွင် မည်သည့် အချက် အလက်များအပေါ်မူတည်ပြီး မည်ကဲ့သို့ အဆင့်သတ်မှတ်သည်ကို မေးမြန်းလေ့ ရှိပါကြောင်း၊ မိမိတို့ဘက်က တိုးတက်မှုရှိအောင် မည်သည့်နေရာ ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲရမည်ဆိုသည်ကို လည်း မေးမြန်းလေ့ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းဆဲ နိုင်ငံဖြစ်ပြီး ဒီမိုကရေစီပြည့်ဝ သည့် နိုင်ငံအဆင့်ကို မရောက်ရှိသေးပါကြောင်း။
 လွတ်လပ်ခွင့်များသည် ဒီမိုကရေစီပြည့်ဝခြင်းနှင့် မပြည့်ဝခြင်းတို့အပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လေ့ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီအသွင်ကူး ပြောင်းဆဲ ဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် ရည်မှန်း၍ ဆောင်ရွက် နေခြင်းဖြစ်ပါ ကြောင်း၊  ဒီမိုကရေစီပြည့်ဝလာသည်နှင့်အမျှ လွတ်လပ်ခွင့်များသည် လည်း ယခုထက် မက ပိုမိုပီသစွာဖြင့် ပြည့်ဝလာမည်ဟု ယုံကြည်ပါကြောင်း၊ ၄င်းအချိန်တွင် မီဒီယာ လွတ်လပ်ခွင့်သည်လည်း အမြင့်မားဆုံးအဆင့်ကို ရောက်ရှိ လာမည်ဟု မျှော်လင့် ပါကြောင်း၊ သတင်းမီဒီယာလွတ်လပ်ခွင့် တိုးတက်ရေး အတွက် မိမိတို့အနေဖြင့် မီဒီယာ သမား များအားလုံးနှင့် ပူးပေါင်းဆောင်ရွက် လိုပါကြောင်း၊
 မဏ္ဍိုင်(၃)ရပ်နှင့် သတင်းမီဒီယာများအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများ တည်ဆောက်ပြီး သတင်းရယူမှု တိုးတက်စေရန် ဆက်လက်ဆောင် ရွက် သွားရမည်ဟု မြင်ပါကြောင်း၊ ၄င်းအတွက် ညှိနှိုင်းဆောင်ရွက်သည့်အလုပ်ကို ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည်ဟု မြင်ပါကြောင်း ပြောကြားသည်။
        ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးစု များ၏ နယ်မြေဒေသများတွင် မူးယစ်ဆေးဝါး သုံးစွဲမှုများကြောင့် နောက်ဆက်တွဲ ဆိုးကျိုး ပြဿနာများစွာရှိနေရာ ၄င်းအတွက် တိုင်းရင်းသားမီဒီယာများက အသိပညာပေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ တိုင်းရင်းသားမီဒီယာများ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း နည်းလမ်းရှာဖွေပြီး ကူညီ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
        ထို့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ဖဒိုစောသမိန်ထွန်း နှင့်  တိုင်းရင်း မီဒီယာကျင်းပရေးကော်မတီ ဥက္ကဌ နန်းဖော့ဂေတို့က အမှာ စကားများ ပြောကြားကြပြီး နော်အဲ့ဖောဝါးက ကရင်ပြည်နယ်အကြောင်း မိတ်ဆက် ရှင်းလင်း တင်ပြသည်။
       ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် တို့သည်  တက်ရောက်လာသူများ နှင့်အတူ စုပေါင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
        ပထမအကြိမ်တိုင်းရင်းမီဒီယာ ညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လည်းကောင်း၊  ဒုတိယအကြိမ်ကို ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် လည်းကောင်း၊  တတိယအကြိမ်ကို ချင်းပြည်နယ် ဟားခါးမြို့တွင် လည်းကောင်း၊  စတုတ္ထအကြိမ်ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့ နှင့်  ပဉ္စမအကြိမ်ကို ကယားပြည်နယ် လွိုင်ကော်မြို့တို့တွင် လည်းကောင်း ကျင်းပခဲ့ပြီး ဆဌမအကြိမ်မြောက်တိုင်းရင်းမီဒီယာညီလာခံကို Burma News International (BNI)နှင့် ကရင်သတင်းစဉ် (KIC) တို့ ပူးပေါင်းကျင်းပခြင်းဖြစ် ကာ  ကရင်ပြည်နယ် ဘားအံမြို့၌  ဧပြီ   ၂၉ ရက်အထိ ၃ ရက်တာ ကျင်းပပြု လုပ်မည်ဖြစ်သည်။
 ယင်းညီလာခံတွင် စာတမ်းများဖတ်ကြားခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အမေး အဖြေပြုလုပ်ခြင်းနှင့် အကြံပေးခြင်း၊ စားပွဲဝိုင်းဆွေးနွေးခြင်း၊ ရလဒ်များထုတ်ပြန် ကြေညာခြင်း များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment