ရန်ကုန်
ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး
လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံမီးလောင်နေမှုကို အပြီးသတ် ငြှိမ်းသတ်နိုင်ရန်
ယနေ့ နံနက်ပိုင်းက Bio Foam (အမြှုပ်ဆေးရည်) ဖြင့် စတင်ငြှိမ်း သတ်လျက်ရှိကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍
ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးဝင်းဝင်းက
''ဒီကနေ့မှာတော့ အပြီးသတ်မီးငြှိမ်းသတ်မှုကို ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ Bio
Foam နဲ့ စတင်ငြှိမ်းသတ်နေပါပြီ၊Bio Foamကတော့ ရိုးရိုးသာမန်ရေထက် မီးငြိမ်းတာပိုမြန်သလို
မီးခိုးထွက်တာကိုလည်း လျော့နည်းစေပါတယ်၊ ပူပြင်းမှုနဲ့အတူ မီးလောင်မှု ဧရိယာကျယ်ပြန့်တဲ့
အတွက်ကြောင့် အပြီးသတ် ငြှိမ်းသတ်မှုအပိုင်းကို အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်နေ ပါတယ်''
ဟု ပြောကြားသည်။
မီးငြှိမ်းသတ်မှုတွင်
ပါဝင်ဆောင်ရွက်နေသည့် အင်းစိန် မြို့နယ် မီးသတ်စခန်းမှ ‘ဒုတိယတပ်ကြပ် ကျော်မင်းဦးက
''လေတိုက်တော့ မီးခိုးတော်တော်များတယ်၊ အမှိုက်ပုံကို လောင်တာဆိုတော့ အထဲအထိရောက်အောင်
ဆေးရည်နဲ့ သေချာငြှိမ်းသတ်ရတယ်၊ ‘ဒီကနေ့ဆိုရင် ခြောက်ရက်လောက် ရှိပါပြီ၊ ညဘက်မှာလည်း
ဆလိုက်မီးတွေထွန်းပြီး ငြှိမ်းသတ်နေ ကြတာပါ၊ နောက်ထပ် ဘယ်နှရက်လောက် ငြှိမ်းရမလဲဆိုတာ
တော့ မသိသေးပါဘူး'' ဟု ပြောသည်။
အဆိုပါ
ထိန်ပင်အမှိုက်ပုံမီးလောင်မှုသည် ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိ
သူများနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊
ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ
ဝန်ထမ်းများက ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၉ နာရီခန့်မှ စတင်ကာ
အပြီးသတ်မီးငြှိမ်းသတ်နိုင်ရန် Bio Foam (အမြှုပ်ဆေးရည်) ကို အသုံးပြု၍ ငြှိမ်းသတ်လျက်
ရှိသည်။
မီးစတင်လောင်ကျွမ်းစဉ်က
လှိုင်သာယာမြို့နယ်အတွင်းနှင့် ဆက်စပ်မြို့နယ် တချို့ရှိ ပြည်သူများသာ မီးလောင်မှုမှ
ထွက်ရှိသည့် မီးခိုးများဒဏ်ကို ခံစားခဲ့ရသော်လည်း ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်
ရန်ကုန်မြို့တွင်း မြို့နယ်များသာမက ဆင်ခြေဖုံးမြို့နယ်များတွင်လည်း မီးခိုးမွှန်သည့်ဒဏ်ကို
ခံစားခဲ့ ရသည်။ ယခုအခါ အပြီးသတ်မီးငြှိမ်းသတ်မှုအဆင့်သို့ ရောက်ရှိ နေပြီဖြစ်သဖြင့်
မီးခိုးထွက်ရှိမှုလည်း လျော့နည်းသွားပြီဖြစ်သည်။
လှိုင်သာယာမြို့နယ်
အမှတ် ၁ဝ ရပ်ကွက်မှ ဦးမြတ်သူနိုင်က ''၂၄ ရက် ညနေပိုင်းက လှိုင်သာယာတစ်မြို့လုံးနီးပါး
မီးခိုးတွေ ကြောင့် မှောင်သွားတယ်၊ နောက်ရက်တွေမှာတော့ တဖြည်း ဖြည်း နည်းသွားပါတယ်၊
အခုဆိုရင် မီးခိုးမွှန်တဲ့အနံ့ မရှိ သလောက်ပါပဲ'' ဟု ပြောသည်။
ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန အနေဖြင့် မီးခိုးဒဏ်ကို အများဆုံးခံစားနေရသည့် ရပ်ကွက်များအတွင်းနှင့်
မီးလောင်မှုအနီးတို့တွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရန် ဆေးကုသမှုစခန်းများဖွင့်လှစ်ကာ
ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ‘ဒုတိယတိုင်း ဦးစီးမှူး ဒေါက်တာခင်နန်းလုံက
'' စတင် လောင်ကျွမ်းပြီး နောက်တစ်ရက်မှာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက နေရာခြောက်နေရာခွဲပြီး
ကျန်းမာရေး စောင့်ရှောက်မှုတွေ စတင်ပေးထားပါတယ်၊ ဧပြီ ၂၄ ရက် လောက်မှာတော့ မီးလောင်မှုဖြစ်တဲ့
အနီးပတ်ဝန်းကျင်က မီးခိုးမွှန်တဲ့ဒဏ်ကို ခံစားရပြီး ဆေးရုံတက်ရောက်ကုသတာမျိုး တော့ရှိပါတယ်၊
စိုးရိမ်ရတဲ့ အခြေအနေမျိုးမဟုတ်ပါဘူး၊ မီးလောင်မှုကြောင့် မီးခိုးမွှန်ပြီး သေဆုံးတာမျိုးလည်း
မရှိပါဘူး'' ဟု ပြောသည်။
ထို့အတူ
မီးလောင်မှုအနီးတွင် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ အရပ်ဘက် အဖွဲ့အစည်းများ လည်း
ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိပြီး စေတနာရှင်များကလည်း အစားအသောက်၊ ရေနှင့်
ဆေးဝါးများကို လာရောက်လှူဒါန်း လျက်ရှိသည်ကို တွေ့ရသည်။
ထိန်ပင်အမှိုက်ပုံကို
၂ဝဝ၁ ခုနှစ်ခန့်က စတင်ထားရှိခဲ့ကာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ နေ့စဉ် ထွက်ရှိသည့်
အမှိုက်တန်ချိန် ၂၅ဝဝ အနက်မှ တန် ၁ဝဝဝ ကို ယင်းအမှိုက်ပုံတွင် နေ့စဉ် လာရောက်စွန့်ပစ်လျက်ရှိသည်။
အမှိုက်ပုံသည် ဧက ၃ဝဝ ခန့်ရှိပြီး ယင်းတို့အနက် ဧက ၁ဝဝ ခန့် မီးလောင်ကျွမ်းခြင်း ဖြစ်ရာ
အပြီးသတ်ငြှိမ်းသတ်မှုကိုBio Foam (အမြှုပ် ဆေးရည်) ဖြင့် ဆက်လက်ငြှိမ်းသတ်လျက်ရှိသည်။
သတင်းနှင့်ဓာတ်ပုံ
- ဇော်ကြီး
No comments:
Post a Comment