Saturday, April 28, 2018

လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းမှုအပေါ် ကျန်းမာရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဧပြီ ၂၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင် ကျွမ်းမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အမှိုက်ပုံမီးစတင်လောင်ကျွမ်းသည်မှ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများဖြင့် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်၍ ဆေးဝါးကုသမှု ခံယူသူ လူနာ ၂၄-၄-၂ဝ၁၈ ရက်နေ့မှ ၂၆-၄-၂ဝ၁၈ ရက်နေ့အထိ ၁၉ ဦးနှင့် ၂၇-၄-၂ဝ၁၈ ရက်နေ့တွင် ခုနစ်ဦး စုစုပေါင်း ၂၆ ဦး နှင့် ပြင်ပလူနာအဖြစ် ၂၄-၄-၂ဝ၁၈ ရက်နေ့မှ ၂၆-၄-၂ဝ၁၈ ရက်နေ့အထိ ၁၉ ဦးနှင့် ၂၇-၄-၂ဝ၁၈ ရက်နေ့တွင် နှစ်ဦး စုစုပေါင်း ၂၁ ဦး ရှိသည်။ ၂၇-၄-၂ဝ၁၈ ရက်နေ့တွင် ထပ်မံ၍ ဆေးရုံတက်ရောက်သူ အတွင်းလူနာများ၏ သွေးတွင်းရှိ Carboxyhaemoglobin ပမာဏကို စစ်ဆေးကြည့်ခဲ့ရာ ပုံမှန်ပမာဏအတွင်းသာရှိကြောင်း တွေ့ရသည်။ ဆေးရုံ တက်ရောက်ကုသမှုခံယူသူများမှ ရောဂါသက်သာကောင်းမွန် သဖြင့် ၂၄-၄-၂ဝ၁၈ ရက်နေ့မှ ၂၆-၄-၂ဝ၁၈ ရက်နေ့အထိ စုစုပေါင်းလူနာခြောက်ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ကျန်ရှိ သော အတွင်းလူနာ ၁၉ ဦး၏ ကျန်းမာရေးအခြေအနေမှာလည်း သက်သာကောင်းမွန်လျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၇-၄-၂ဝ၁၈ ရက်နေ့တွင် လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် နှီးနွှယ်ဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ညှိနှိုင်းအစည်း အဝေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ လှိုင်သာယာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဗဟိုကွင်းဆင်းအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် မီးခိုးငွေ့ဘေးအ္တရာယ်အပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ၊ လိုအပ်ချက်များနှင့် ထပ်မံ ဆောင်ရွက်ရန် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး နေ့စဉ် နံနက်တိုင်း တွေ့ဆုံဆွေးနွေး၍ လုပ်ငန်းကိစ္စရပ်များကို ခွဲဝေ ဆောင်ရွက်ကြမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် လေထုတိုင်းတာစစ်ဆေးမှုရလဒ်များ၊ လက်ရှိ မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်သောရောဂါများဖြင့် ကျန်းမာရေး ဌာနများတွင် ကုသမှုခံယူခဲ့သော လူနာများ၏အခြေအနေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ နေ့စဉ် အစီရင်ခံတင်ပြလျက်ရှိပြီး မီးသတ်ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းနိုင်စေရန်အတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များပံ့ပိုးပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ကိုလည်း ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဌာနေကိုယ်စားလှယ်ရုံးနှင့် ဒေသဆိုင်ရာ ရုံးတို့နှင့်ဆက်သွယ်၍ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ရယူပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် မီးခိုးမွှန်ခြင်းနှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားမှုများကို အနီးကပ် စောင့်ကြပ်ကြည့်ရှု၍ အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment