ရန်ကုန်
ဖေဖော်ဝါရီ ၁
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့်
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ (၁၄) ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို
ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော် မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌
ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်
အမှာစကား ပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊
ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်
ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ
ဦးစိုးမင်း၊ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးများ၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိသူများ၊
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘဏ်များအသင်း ဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်းဝန်များနှင့်
ညွှန်ကြားရေးမှူးချုပ်များ၊ မကွေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်
များအသင်း၊ တနင်္သာရီ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၊
မြန်မာနိုင်ငံ မြဝတီနယ်စပ် ကုန်သွယ်ရေး ကုန်သည်များ အသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်နှင့်
ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ
လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ
အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကား
ပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး မူဘောင်ပါ ကိစ္စရပ်များအား ပိုမိုထိရောက်စွာ
အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန် အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို
နိုင်ငံတော် သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်တွင် ဒုတိယသမ္မတ ဦးဆောင်ကာ အဖွဲ့ဝင်
(၁၉)ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်း
တာဝန်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းကော်မတီ (၅)ဖွဲ့ ဖွဲ့စည်းခဲ့ပါကြောင်း။
အဆိုပါ လုပ်ငန်းကော်မတီ (၅)ဖွဲ့အနေဖြင့်
စီးပွားရေး လုပ်ငန်းရှင်များ၏ လက်ရှိ ကြုံတွေ့ နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်း
ဆောင်ရွက် ပေးလျက်ရှိပြီး ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်း တိုးတက်မှုနှင့် ဆောင်ရွက်ရန်
ကျန်သော ကိစ္စရပ်များကိုလည်း (၂)လ တစ်ကြိမ် ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ အစည်းအဝေးတွင် အလေးထား ဆွေးနွေး ဆောင်ရွက်လျက် ရှိပါကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့်
စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများကို လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်၍
ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိရာ ယခု အကြိမ်သည် (၁၄)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ
ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၁၃)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေး လုပ်ငန်းရှင်များ၏
အခက်အခဲ တင်ပြချက် စုစုပေါင်း ( ၂၀၉ )ချက် ရှိပြီး အဆိုပါတင်ပြချက် အားလုံးကို ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တစ်ဆင့်
သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များ ထံသို့ ပြန်ကြားခဲ့ပြီး ဖြစ်ပါကြောင်း။
အချို့ကိစ္စရပ်များသည် ဝန်ကြီးဌာနနှစ်ခု
သုံးခုနှင့် သက်ဆိုင်ပြီး အဆင့် နှစ်ဆင့်၊ သုံးဆင့် ဆောင်ရွက်ရသည့် အပြင် ဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းများ ပြင်ဆင် ဆောင်ရွက်ရသည့် ကိစ္စဖြစ်ပါက အချိန်ယူပြီး ဆောင်ရွက် နေရပါကြောင်း၊
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့်
သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ဖြေရှင်း
ပြန်ကြားချက်များ အပေါ် အပြည့်အဝမပြီး ပြတ်သေးသည့် ကိစ္စရပ်များကို ပြန်လည်တင်ပြပေးစေလိုပါကြောင်း၊
အဆိုပါ တင်ပြချက်များကို အခြေခံပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တင်ပြသည့် ပုဂ္ဂလိက
လုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲ (Private Public Dialogue) များ ဆက်လက် ဆောင်ရွက်
သွားကြစေလိုပါကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခြင်းသည်
နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေကို တိုးပွားစေသလို ကျွမ်းကျင်မှု အရည်အသွေးကိုပါ
တိုးတက်စေပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ (၂) ခုစလုံးက အဆိုပါ ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်အောင်၊
အခက်အခဲများ နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက် သွားကြရန် အလွန် အရေးကြီးပါကြောင်း။
ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးလျက်
ရှိသည့် နိုင်ငံတိုင်းတွင် ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ အဓိက မောင်းနှင်အားနေရာ၌
ရှိနေသဖြင့် နိုင်ငံတိုင်းက ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေး (Private Sector
Development- PSD) အတွက် ခေတ်စနစ်နှင့်လျော်ညီသည့် ဥပဒေများနှင့် မူဝါဒများဖြစ်အောင်
ဝိုင်းဝန်း ညှိနှိုင်းပြင်ဆင် ရေးဆွဲသွားကြရန် တိုက်တွန်းလိုပါကြောင်း။
မိမိတို့နိုင်ငံ အနေဖြင့်လည်း ဒေသတွင်းနိုင်ငံများနှင့်
ကမ္ဘာ့နိုင်ငံအသီးသီးက လက်ရှိကျင့်သုံး လျက်ရှိသည့် ဥပဒေများနှင့် မူဝါဒများကို အမြဲမပြတ်လေ့လာကာ
မိမိနိုင်ငံအတွက် သင့်လျော်ပြီး နိုင်ငံ့ စီးပွားရေးကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မည့်
ဥပဒေများနှင့် မူဝါဒများဖြစ်အောင် ဝိုင်းဝန်းညှိနှိုင်း ပြင်ဆင် ရေးဆွဲသွားမည့် လုပ်ငန်းများ
ရှိနေပါကြောင်း။
ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ကြည့်မည်
ဆိုလျှင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဇန်နဝါရီ လလယ်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ
အမေရိကန်ဒေါ်လာ (၅) ဘီလီယံကျော်နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ
အမေရိကန်ဒေါ်လာ (၁) ဘီလီယံခန့် အပါအဝင် မြန်မာငွေကျပ် (၃၂၇၉) ဘီလီယံကို ခွင့်ပြုပေးထားပြီး
ဖြစ်ပါကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကြောင့် ပြည်သူများ အတွက် အလုပ်အကိုင်
အခွင့်အလမ်း များစွာ ဖန်တီး ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ပြည်ပကုန်သွယ်မှု အခြေအနေကို ကြည့်လျှင်
ယခင်နှစ် အလားတူကာလထက် အမေရိကန် ဒေါ်လာ (၃ ဒသမ ၈) ဘီလီယံကျော် တိုးတက်ခဲ့ပြီး အဆိုပါ
ကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် (၈၃) ရာခိုင်နှုန်း ဆောင်ရွက်နိုင်သည်ကို တွေ့ရပါကြောင်း၊
အထူးသဖြင့် ဆန်တင်ပို့မှုမှာ ယခင်နှစ်များထက် ပိုမို တင်ပို့နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊
ယခုကဲ့သို့ ပြည်ပပို့ကုန် တိုးတက်မှုများသည် ဆန်စပါးနှင့် သက်ဆိုင်သည့် ပုဂ္ဂလိက အသင်းအဖွဲ့များ
အပါအ၀င် လုပ်ငန်းရှင်များ၏ ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ဖြစ်ပါကြောင်း။
စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူမှု
ရှိ/ မရှိကို ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်သည့် Ease of Doing Business ၂၀၁၈ အစီရင်ခံစာတွင်
မြန်မာနိုင်ငံ၏ အဆင့်သည် (၁၇၁) ဖြစ်နေသည့် အတွက် ယခုနှစ်တွင် အဆင့် (၂၄)ဆင့် လျှော့ချနိုင်ရေး
ရည်မှန်းချက်ထားပြီး ကြိုးပမ်း ဆောင်ရွက်နိုင်ရန် အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့နှင့်
ညွှန်းကိန်း တစ်ခုချင်းအလိုက် ဆောင်ရွက်မည့် ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်သည့် အဖွဲ့များ
ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ Ease of Doing Business အစီရင်ခံစာပါ အချက်များကို
ဖြေလျှော့မှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့်လည်း အမြန်ဆုံးအဆင့်
တိုးတက်စေမည့် ကဏ္ဍများကို ဦးစားပေး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။
လူငယ် စွန့်ဦးတီထွင်သူများ အနေဖြင့်လည်း
အာဆီယံမှ ချီးမြှင့်သော ထူးချွန်ဆုများ ရရှိထားသည့် အတွက် မိမိတို့၏ စွမ်းဆောင်ရည်များဖြင့်
ဈေးကွက်ကို ထိုးဖောက်နိုင်ရန် ကြိုးစား ဆောင်ရွက် သွားကြစေလိုပါကြောင်း။ နိုင်ငံအတွင်းရှိ
လူငယ်စွန့်ဦး တီထွင်သူများ၏ (၄၉) ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်သည့် အတွက် နိုင်ငံရေးနှင့်
စီးပွားရေး အပြောင်းအလဲများတွင် အမျိုးသမီးများ၏ ပါဝင်မှုတိုးတက် လာသည်ကို တွေ့မြင်ရပါကြောင်း၊
သို့ဖြစ်ပါ၍ အမျိုးသမီးများ အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တွင် အထောက်အကူ
ဖြစ်စေရန်အတွက် စီးပွားရေး လုပ်ကိုင်နိုင်မှု စွမ်းဆောင်ရည်များ တိုးတက် မြင့်မား လာအောင်
ယခုထက် ပိုမိုကြိုးစား ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း။
ယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးမည့် ကဏ္ဍများအလိုက်
သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် လာကြသည့်
အတွက် ပါဝင် ဆွေးနွေးကြမည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ အသင်းအဖွဲ့များ တွေ့ကြုံနေရသည့်
အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင်
အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့်
အခြေအနေ၊ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် အခြေအနေ၊ အသေးစားနှင့် အလတ်စား
စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ချေးငွေနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များနှင့်
အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း
ပြောကြားသည်။
ထို့နောက် Ease of Doing Business
Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက Ease of Doing Business အဆင့် တိုးတက်ရေးအတွက်
သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း
တင်ပြသည်။
ထို့နောက် မကွေး တိုင်းဒေသကြီး ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်းများ အသင်း၊ တနင်္သာရီ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ မြဝတီ နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံပုံနှိပ်နှင့်
ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်း၊
မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာအမျိုးသမီး စီးပွားရေး
စွမ်းဆောင်ရှင်များ အသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း
ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ သန်းမြင့်နှင့်
ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက
ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ် အမှာစကား
ပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)
No comments:
Post a Comment