နေပြည်တော်
ဖေဖော်ဝါရီ ၁
(၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဂုဏ်ပြုညစာစားပွဲ
အခမ်းအနားကို ယနေ့ ည ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း
ဗဟိုဌာန -၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက် ဂုဏ်ပြုစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး
ဒေါ်ချိုချို၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရီ၊
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်ဇနီး၊
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်
အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊
ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ ဒုတိယ၀န်ကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နေပြည်တော်သို့
ရောက်ရှိနေသော ဒေသအသီးသီးမှ မွန်တိုင်းရင်းသား လူမျိုးများနှင့် ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
ရှေးဦးစွာ အနုပညာတက္ကသိုလ် (မန္တလေး)မှ
ကျောင်းသား၊ ကျောင်းသူများက မွန်ရိုးရာ တပင်တိုင်ယိမ်းအကဖြင့် အခမ်းအနားကို စတင် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို
ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု အမှာစကား ပြောကြားရာတွင်
" (၇၁)နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို
ကြွရောက်လာတဲ့ ဧည့်သည်တော်များ အားလုံးကို ကြိုဆို နှုတ်ခွန်းဆက်ပါတယ်၊ ဒီလို မွန်အမျိုးသားနေ့
အခမ်းအနားမှာ မိန့်ခွန်းပြောခွင့်ရတဲ့ အတွက်လည်း အင်မတန်မှ ၀မ်းသာပါတယ်၊ ကျွန်မဒီလို
မွန်အမျိုးသားနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့တာ သုံး၊ လေးနှစ်တော့ ရှိသွားပြီလို့
ထင်ပါတယ်၊ ဒါပေမယ့် တစ်နှစ်တစ်ခါ စဉ်းစားစရာတွေကတော့ အသစ်တွေ ပေါ်လာပါတယ်၊ မွန်အမျိုးသားတွေ အတွက်သာမက
ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံး အတွက် မင်္ဂလာရှိတဲ့ စကားနဲ့ စရမယ်ဆိုရင် မကြာခင်ကာလမှာ
မွန်တိုင်းရင်းသားများ ဟာလည်း အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စပါပဲ၊
ဒါဟာ ကျွန်မတို့ရဲ့ ပြည်ထောင်စု စိတ်ဓာတ်ဟာ ပိုမိုပြီးတော့ ခိုင်မာလာတယ်ဆိုတာ ပြသတာလည်း
ဖြစ်ပါတယ်။
" ပြည်ထောင်စု စိတ်ဓာတ် ဆိုတာ တစ်ဦးနှင့်
တစ်ဦးလေးစား နားလည်မှုအပေါ်မှာ အခြေခံပါတယ်၊ ကျွန်မတို့ သမိုင်းမှာ ပြန်ကြည့်လိုက်မယ်
ဆိုရင် ဗမာလူမျိုးတွေက မွန်ဘုရင်မကြီး ရှင်စောပုနဲ့
မွန်ဘုရင်ကြီး ဓမ္မစေတီမင်း၊ ရာဇာဓိရာဇ် မွန်မင်းတွေကို အင်မတန်မှ လေးစားပါတယ်၊ အင်မတန်မှ
လေးစားတယ်၊ ချစ်ခင်တယ်၊ ကျွန်မတို့ သမိုင်းစာအုပ်တွေမှာလည်း ငယ်ငယ်ကတည်းကနေပြီး ဒီလိုမွန်ဘုရင်များ၊
မွန်ဘုရင်မကြီးများ အကြောင်းကို ဖတ်ရတဲ့၊ သင်ရတဲ့ အတွက်ကြောင့် လေးစားတဲ့စိတ်၊ ချစ်ခင်တဲ့စိတ်၊
တန်ဖိုးထားတဲ့စိတ် တွေဖြစ်ပါတယ်၊ ဒါဟာ အင်မတန်မှ ကောင်းပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့
ကျွန်မတို့ဟာ ကောင်းတဲ့အရာကို ကောင်းတယ် ဆိုတာကို လက်ခံနိုင်တာ၊ အသိအမှတ်ပြုနိုင်တာ
အင်မတန်မှ အရေးကြီးပါတယ်။
ကျွန်မတို့ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွတ်ဖို့ဆိုရင်
ဒီအရည်အချင်းဟာ အင်မတန် အရေးကြီးပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ရှာမယ် ဆိုရင်တော့
တွေ့မှာပါပဲ။ ဘယ်သူမှလည်း အပြစ်ကင်းတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကောင်းတဲ့ဘက်က၊ အပေါင်း
လက္ခဏာဆောင်တဲ့ဘက်ကနေ ကြည့်မယ်ဆိုရင် လူတိုင်း လူတိုင်းမှာလည်း လေးစားစရာ၊ ချစ်ခင်စရာ
အရာတွေရှိပါတယ်၊ ဒါကြောင့်မိုလို့ ကျွန်မ မွန်အမျိုးသားများ အကြောင်း စဉ်းစားတယ် ဆိုရင်တော့
ပထမဦးဆုံး ကျွန်မတို့ သမိုင်းမှာ သင်ရတဲ့ မွန်- ဗမာ စစ်ပွဲတွေ အကြောင်းလည်း သင်ရတယ်၊
ဒီစစ်ပွဲမှာပါခဲ့တဲ့ မွန်ဘုရင်များ၊ သူရဲကောင်းများကို ဗမာတွေက အင်မတန်မှ လေးစားတယ်၊
အင်မတန်မှ ချီးမွမ်းတယ်၊ ဒီဟာက မွန်တွေ အတွက် ဂုဏ်ယူစရာ ကောင်းသလို ဗမာတွေအတွက်လည်း
ဂုဏ်ယူစရာ ကောင်းတယ်၊ မွန်တွေအတွက် ဂုဏ်ယူစရာ ကောင်းတယ်ဆိုတာဟာ အများကနေပြီး လေးစားချစ်ခင်
လောက်တဲ့ ပုဂ္ဂိုလ်ကြီးများကို မွေးထုတ်လိုက်တဲ့ တိုင်းရင်းသားများ၊ ဗမာတွေအတွက် ဂုဏ်ယူစရာကောင်းတယ်
ဆိုတာက ဂုဏ်ရှိတဲ့သူ၊ ချစ်ဖို့ကောင်းတဲ့လူ၊ လေးစားဖို့ ကောင်းတဲ့လူကို ဘယ်သူကိုမဆို
ကိုယ့်ရဲ့လူမျိုး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ လေးစားတတ်တယ်၊ ချစ်ခင်တတ်တယ်၊ တန်ဖိုးထားတတ်တယ်
ဆိုတာ အဲဒါလည်း အင်မတန်မှ ကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။
" ဒါကြောင့်မိုလို့ ကျွန်မတို့ အားလုံးဟာ ဒီလို
အမျိုးသားနေ့မှာဆိုရင် တစ်နှစ်ကို တစ်မျိုး စဉ်းစားပြီးတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုအတွက်
အပြုသဘော ဆောင်မယ့် အတွေးတွေကို ပွားစေချင်ပါတယ်၊ ကျွန်မတို့ ပြည်ထောင်စုမှာ ပန်းတိုင်က
ဘာလဲ ဆိုတော့ ကျွန်မတို့ရဲ့ ကမ္ဘာကြီး တည်သရွေ့ ဆက်စပ်ပြီးတော့ ပြည်ထောင်စုကြီး ပိုမို
ဖွံ့ဖြိုးအောင်၊ ပိုမိုခိုင်မာအောင်၊ ပိုမို ငြိမ်းချမ်းအောင် လုပ်သွားရမှာပဲ၊ ဘယ်လို
နိုင်ငံပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အလုပ်တွေပြီးပြီဟေ့ ငါတို့ ဘာမှထပ်လုပ်ဖို့
မလိုဘူးဆိုပြီး ထိုင်နေလို့မရပါဘူး၊ ကျွန်မတို့နိုင်ငံဆိုရင် သွားရမယ့်လမ်းက အဝေးကြီးရှိ
သေးတယ်၊ ဒီအဝေးကြီး သွားရမယ့်လမ်းကို ကျွန်မတို့အတူတူ လက်တွဲပြီး သွားမယ် ဆိုရင် လမ်းမှာ ပင်ပန်းတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။
" ဥပမာဆိုရင် မန္တလေးမှာ စကား၊ ရန်ကုန်မှာ
အကြွား၊ မော်လမြိုင်မှာ အစားဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အရည်အချင်းချင်းမတူဘူးဆိုတာကို
ပြောလို တာပါ၊ ရန်ကုန်က အကြွားဆိုတာတော့ သိပ်မကောင်းဘူးနဲ့ တူပါတယ်၊ ဒါပေမယ့် မန္တလေးက
စကားဆိုတာ စကားပြောတတ်တာ၊ မြန်မာ ဘာသာစကားကို ကျွမ်းကျင်တာ၊ အဲဒါကို တွေကို အမွှန်းတင်တာပေါ့၊
မော်လမြိုင်က အစားဆိုတော့ မွန်တိုင်းရင်းသားများဟာ ဖွယ်ဖွယ်ရာရာ ချက်တဲ့နေရာမှာဆိုရင်
အင်မတန်မှ တော်တယ် ဆိုတာကို အသိအမှတ်ပြု တာဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့ တိုင်းရင်းသားတိုင်းဟာ
ကိုယ့်ရဲ့ အထူးအားသန်ချက် ကလေးတွေရှိတယ်၊ အဲဒီ အထူး အားသန်ချက်ကလေးတွေကို လည်း ပိုပိုပြီးတော့
အားသန်လာအောင်၊ ပိုပိုပြီးတော့ မြင့်မားလာအောင် ကျွန်မတို့ အစိုးရမှာလည်း ပံ့ပိုးဖို့၊
အားပေးဖို့ တာဝန်ရှိပါတယ်၊ ဒါကြောင့်မို့ ကျွန်မတို့က တိုင်းရင်းသား ဘာသာစကားတွေ၊ တိုင်းရင်းသား
ယဉ်ကျေးမှုတွေကို အများကြီးပဲ အားပေးစေချင်တယ်၊ တစ်နေ့ထက် တစ်နေ့ပိုလို့ တိုးတက် လာစေချင်တယ်၊ ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် တစ်ဖက်ကနေ တစ်ယောက်က
သာသွားမှာ နောက်တ စ်ယောက်က ကြောက်စရာ ဘာမှမရှိဘူး၊ ကျွန်မတို့ တိုင်းရင်းသားတွေထဲက
တစ်စုကနေ အင်မတန်မှ အရည်အချင်းတွေ တက်သွားတယ် ဆိုရင် ကျန်တဲ့ တိုင်းရင်းသားတွေ အတွက်လည်း
ဂုဏ်ယူစရာဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ပြည်ထောင်စုကြီး အတွက် ဂုဏ်ယူစရာဖြစ်လို့၊
ဒီလို ကျွန်မတို့ အမျိုးသားနေ့တွေမှာ ပူးပေါင်းပြီးတော့ ဆောင်ရွက်နိုင်တာဟာ ဘယ်လိုပဲ
ပြောပြော ကျွန်မတို့ရဲ့ ဒီမိုကရေစီ ခရီးမှာ အင်မတန်မှ အရေးကြီးတဲ့ ခြေလမ်း တစ်ခုဖြစ်ပါတယ်၊
ကျွန်မတို့ လွှတ်တော်ကို ၂၀၁၂ ခုနှစ် ရောက်လာကတည်းက မွန်အမျိုးသားနေ့ကို ဘယ်တော့မှ လွှတ်တော်က
လည်း လစ်လျူမရှုခဲ့ဘူး၊ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်တွေ အားလုံးကလည်း ညီညီညွတ်ညွတ်နဲ့
အသိအမှတ်ပြုခဲ့တယ်၊ တခြား တိုင်းရင်းသားများရဲ့ အထူးနေ့တွေမှာ ဆိုရင်လည်း ဒီအတိုင်းပါပဲ၊
ဒီတော့ ဒီလို အခမ်းအနားတွေမှာ တစ်ချို့က အခမ်းအနား ဆိုတာ ဘာများသိပ်ပြီးတော့ အရေးပါလို့
လည်းလို့ ထင်ကြမှာပါ၊ ဒါပေမယ့် အရေးပါပါတယ်၊ တစ်ခုကတော့ ကျွန်မတို့က တစ်နှစ်နဲ့ တစ်နှစ်
အခုဆိုရင် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ဆင်နွဲတဲ့အခါမှာ ကျွန်မတို့
၇၁ နှစ်ရှိလာ ပြီ၊ ဒီ ၇၁ နှစ်အထဲမှာ ဘာအားသာချက် တွေရှိခဲ့သလဲ၊ ဘာတိုးတက်ချက်တွေ ရှိခဲ့သလဲ၊
ဘာတွေ ထပ်လုပ်ဖို့ လိုသေးသလဲ ဆိုတာကို ဆင်ခြင်ရမယ့် အချိန်ပဲဖြစ်ပါတယ်၊ နောက်တစ်ခုကတော့
အချိန်တွေ ကုန်တယ်ဆိုတာကို ကျွန်မတို့မမေ့ဖို့ပဲ၊ တစ်နှစ်နဲ့ တစ်နှစ် အချိန်တွေက ကုန်သွားပါပြီ၊
ဒီကုန်သွားတဲ့အချိန်တွေမှာ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး တိုးတက်ရေးအတွက် ဘာလုပ်ပေးနိုင်သလဲ၊
ဘာလုပ်ခဲ့သလဲ၊ ဘာတွေထပ်ပြီး လုပ်ဖို့ လိုသလဲ ဆိုတာကိုလည်း စဉ်းစားဖို့ဖြစ်ပါတယ်၊ နှစ်ပတ်လည်တယ်
ဆိုတာဟာ အတိတ်ကို ပြန်ပြီးသုံးသပ်ဖို့ ဖြစ်သလို၊ အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေ၊ ရည်ရွယ်ချက်အသစ်တွေကို ဆောက်တည်ဖို့လည်း ဖြစ်ပါတယ်။
" ကျွန်မတို့ အခုမွန်အမျိုးသားနေ့
အခမ်းအနားမှာ ဆိုရင် မွန်အမျိုသားများဟာ ငြိမ်းချမ်းရေးရဲ့ ဖြစ်စဉ်ထဲမှာ ပိုပြီးတော့
ထဲထဲဝင်ဝင် ပါလာမယ် ဆိုတာကို ကျွန်မတို့ ၀မ်းသာသလို၊ ဂုဏ်ယူရမှာဖြစ်ပါတယ်၊ မွန်အမျိုးသားများဟာလည်း
ဝမ်းပန်း တစ်သာရှိမယ်၊ ဂုဏ်ယူနေကြမယ်လို့လည်း ကျွန်မထင်ပါတယ်၊ နောက်တစ်ခါ ဆက်ပြီး တော့
ဒါဟာ ပထမခြေလှမ်းပဲ၊ အပစ်အခတ်ရပ်စဲရေးဆိုတာ ပထမခြေလှမ်း၊ အဲဒီကနေ ဆက်ပြီးတော့ ထာဝရ
ငြိမ်းချမ်းရေးရဖို့ကို ကြိုးစားရမယ်၊ ငြိမ်းချမ်းရေး ရဖို့ဆိုတာ အဖက်ဖက်ကနေ ၀ိုင်းပြီးတော့
ကြိုးစားသွားရမှာ၊ ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်လူ့ အသိုင်းအ၀ိုင်းမှာမှ လူသားများဟာ
စိတ်ချမ်းသာနိုင်မှာ မဟုတ်ပါဘူး၊ ငြိမ်းချမ်းတယ် ဆိုတာ နှလုံးစိတ်ဝမ်းထဲကနေ ငြိမ်းချမ်းဖို့
အင်မတန်မှ လိုပါတယ်၊ မနေ့တုန်းက မွန်တိုင်းရင်းသားများက လှည့်လည်ပြီးတော့ တစ်ချို့အိမ်တွေမှာ
ပေါ့နော်၊ မွန်အကတွေ၊ အဆိုတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်၊ အဲဒီတော့ ကျွန်မအိမ်ကို ရောက်တုန်းကလည်း
ကျွန်မကို ကန်တော့ပါတယ်၊ ကန်တော့တော့ ကျွန်မ ဆုပေးတဲ့အထဲမှာ နှလုံးစိတ်ဝမ်း အေးချမ်းပါစေလို့
ကျွန်မဆုတောင်းပေး လိုက်ပါတယ်၊ နှလုံးစိတ်ဝမ်း
အေးချမ်းတယ်ဆိုရင် အားလုံး ပြည့်စုံတာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်းမာမှ နှလုံးစိတ်ဝမ်း အေးချမ်းနိုင်မယ်၊ ချမ်းသာတယ်
ဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ ချမ်းသာတာကို ပြောတာ မဟုတ်ဘူး လုံလောက်မှုနဲ့ ဖူလုံမှုရှိတာ၊
အဲဒီလို ဖူဖူလုံလုံရှိမှလည်း စိတ်အေးချမ်း နိုင်မယ်၊ ဒီတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်အပေါ်ကို
မေတ္တာထား တဲ့လူတွေ ရှိမှလည်း နှလုံးစိတ်ဝမ်း အေးချမ်းနိုင်မယ်၊ ကိုယ်ကမေတ္တာ ထားတဲ့
လူတွေ ရှိမှလည်း နှလုံးစိတ်ဝမ်းအေးချမ်းနိုင်မယ်၊ အဲဒီတော့ နှလုံးစိတ်ဝမ်း အေးချမ်း
တယ်ဆိုတဲ့ဆုနဲ့ ပြည့်စုံတယ်ဆိုရင် ကျွန်မတို့အားလုံး ပြီးပြည့်စုံမှာ ဖြစ်ပါတယ်၊ ဒါကြောင့်
ကျွန်မအနေနဲ့ အခုလို ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခါသမယမှာ မွန်တိုင်းရင်းသူ၊
တိုင်းရင်း သားအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ဆုတောင်းပေးသလို ပြည်ထောင်စု တိုင်းရင်းသားအားလုံး နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ် ပါတယ်၊ ကျေးဇူးတင်ပါတယ်။"ပြောကြားသည်။
ထို့နောက် တိုင်းရင်းသား လူမျိုးများရေးရာ
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားရာတွင်
နှစ်စဉ်နှစ်တိုင်း တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့ အဖြစ် အမြို့မြို့
အနယ်နယ်ရှိ မွန်လူမျိုးများ နေထိုင်ရာ ဒေသအသီးသီး တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပလာခဲ့
သည်မှာ (၇၁) ကြိမ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုပေါ်ပေါက်လာသော ပြည်သူ့အစိုးရ
လက်ထက်တွင် တိုင်းရင်းသား များ၏ နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပခွင့်ပေးရုံသာမက
သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကလည်း လိုအပ်သော ဘဏ္ဍာ ရန်ပုံငွေများကို
ပံ့ပိုးကူညီ ဆောင်ရွက် ပေးလျက်ရှိသည်မှာ အားလုံး အသိပင်ဖြစ်ပါကြောင်း။
လူမျိုးတစ်မျိုး၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊
ရိုးရာဓလေ့ ထုံးထမ်းစဉ်လာများ မပျောက်ပျက်အောင် ထိန်းသိမ်း ဖော်ထုတ်ခြင်း လုပ်ငန်းများကို
ပံ့ပိုးကူညီဆောင်ရွက် ပေးရမည့် လုပ်ငန်းတာဝန်သည် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန၏
လုပ်ငန်း တာဝန် ဖြစ်ပါကြောင်း။
တိုင်းရင်းသား လူမျိုးတို့သည် မိမိတို့၏လူမျိုးအား
တန်ဖိုးထား ချစ်ခင်မြတ်နိုး သကဲ့သို့ အခြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ
အားလုံးကိုလည်း မိမိ၏ဆွေမျိုးရင်းခြာအဖြစ် သဘောထား၍ လူသားအချင်းချင်း အပြန်အလှန် ယုံကြည်
လေးစားလျက် ညီညွတ်မျှတစွာ အတူတကွ ယှဉ်တွဲနေထိုင်သွားမည် ဆိုပါက မိမိတို့အားလုံး လိုလား
တောင့်တနေကြသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်
ပေါ်ပေါက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်သည်တော်များသည် ညစာကို အတူတကွသုံးဆောင်ကြသည်။
ညစာသုံးဆောင်နေစဉ် အတွင်း မွန်တိုင်းရင်းသား
လူငယ်များက မွန်အမျိုးသားနေ့ ပွဲတော် (သီချင်း)၊ မွန်ဟင်္သာယိမ်း၊ မွန်လူပျိုလှည့်ယိမ်း၊
မွန်သီချင်း၊ မွန်စာပေ သင်ကြား စို့ယိမ်း၊ ညောင်ရေသွန်းယိမ်း၊ တပို့တွဲ လပြည့်ကျော်
တစ်ရက်နေ့ (မွန်သီချင်း) နှင့် ပြည်ထောင်စု အင်အားယိမ်းတို့ဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များ
နှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment