Friday, February 2, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာ ဆလိုင်းရီယန်းဗဲလ်၏ ဖလမ်းမြို့ ရာပြည့် ဘောလုံးကွင်းတွင် မီတာ ၄၀၀ ပြေးလမ်း ၅ ခုရှိသော စံချိန်မီ ဘောလုံးကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဖလမ်းခရိုင် ဖလမ်းမြို့နယ်တွင် ရာပြည့် ဘောလုံးကွင်းနှင့် ဟရန်ထီးယိုး ဘောလုံးကွင်း နှစ်ကွင်းရှိပါကြောင်း၊ ရာပြည့် ဘောလုံးကွင်းအား ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် ငွေကျပ်သန်း ၆၀ ဖြင့် ပြုပြင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၇ သန်းဖြင့်  ပွဲကြည့်စင် တည်ဆောက်ခြင်း လုပ်ငန်းအား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရာပြည့် ဘောလုံးကွင်းအား မီတာ(၄၀၀) ပြေးလမ်း (၅)ခုရှိသော စံချိန်မီ ဘောလုံးကွင်း အဖြစ် ဆောင်ရွက်ပေးရန် ကိစ္စနှင့် ပတ်သက်၍ ပထမဦးဆုံး အနေဖြင့် ရာပြည့် ဘောလုံးကွင်း ပတ်လည်တွင် ပေ (၅၀၀)ခန့် ကျောက်စီမြေထိန်းနံရံ ပြုလုပ်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ငွေကျပ်သန်း ၂၅၀ ကုန်ကျ မည်ဖြစ်ပြီး မီတာ(၄၀၀) ပြေးလမ်း (၅)ခု ဖောက်လုပ်နိုင်ရန် အတွက် မြေညှိခြင်းလုပ်ငန်းနှင့် ပြေးလမ်း ပြုလုပ်ရန်အတွက် ခန့်မှန်း ကုန်ကျငွေ ငွေကျပ်သန်း ၁၂၀ စုစုပေါင်း ငွေကျပ်သန်း ၃၇၀ ခန့် ကုန်ကျမည် ဖြစ်ပါသဖြင့် လတ်တလောတွင် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားသည်။
တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ မြန်မာနိုင်ငံ အတွင်း ခရိုင်အဆင့် ဆေးရုံကြီးများတွင် စိတ်ကျန်းမာရေး ဆရာဝန်ကြီးများ တိုးချဲ့ ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက တစ်နိုင်ငံလုံးတွင် ခရိုင်(၇၄) ခုအနက် စိတ်ကျန်းမာပညာ အထူးကု ဖွဲ့စည်းပုံ ပါဝင်သော ခုတင် (၂၀၀)နှင့် အထက်ရှိသည့် မြို့နယ်များမှာ (၃၄)မြို့နယ်ဖြစ်ပြီး၊ (၂၄)မြို့နယ်တွင် စိတ်ကျန်းမာရေး ဆရာဝန်များ ခန့်ထားပြီး ဖြစ်ပါကြောင်း။ ကုသရေး ဦးစီးဌာနတွင်လည်း တစ်နိုင်ငံလုံးရှိ ဖွဲ့စည်းပုံ ပါဝင်သော ဆေးရုံ (၅၁)ရုံတွင် (၃၉)ရုံ ခန့်ထားပြီး၍ ၇၆ ဒသမ ၅ ရာခိုင်နှုန်း ခန့်ထားပေးပြီး ဖြစ်ပါကြောင်း။
ကျန်ခရိုင်မြို့နယ် (၄၀)မှာ ခုတင် (၁၀၀)၊ (၅၀)၊ (၂၅) ခုတင်ဆံ့ ဆေးရုံများ ဖြစ်ကြသည့် အတွက် ဖွဲ့စည်း ပုံပါဝင်ခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံ ပါဝင်သော ဆေးရုံကြီးများ၌ပင် လုံလောက်စွာ ခန့်ထားပေးနိုင်ခြင်း မရှိသေးပါသဖြင့် ဖွဲ့စည်းပုံမရှိသော ခရိုင်အဆင့် မြို့နယ် ဆေးရုံများတွင် ခန့်ထားပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။
ထို့ပြင် တန့်ယန်း မဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၊ ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့်၊ ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်နှင့် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ခင်၏ "နိုင်ငံသားတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံ အားကောင်း လာစေရန် ဒေသဆရာဝန်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်း များနှင့် mobile medical team ဖွဲ့ပြီး ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်း၍ Rural Community Health မြှင့်တင်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း" အဆိုကို လွှတ်တော်သို့ တင်သွင်းရာ မလှိုင်မဲဆန္ဒနယ်မှ ဦးလှထွန်းအောင်က ထောက်ခံ ဆွေးနွေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည် ပေးပို့လာသည့် "စည်ပင် သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း" နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယင်းဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်လုံးမှ သဘောတူခြင်း ဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၂၊ နည်းဥပဒေခွဲ (ဂ)နှင့် (ဃ) တို့အရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ဖေဖော်ဝါရီလ ၂ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
မွှေးကြူဇင်

No comments:

Post a Comment