Thursday, August 24, 2017

ကျန်းမာရေးနှင့်ညီညွတ်၍ အန္တရာယ်ကင်းသော အစားအသောက်များ စားသုံးနိုင်ရန် ညှိနှိုင်း အစည်းအဝေး ကျင်းပ





နေပြည်တော် သြဂုတ်၂၄

ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်၍ အန္တရာယ်ကင်းသော အစား အသောက်များ စားသုံးနိုင်ရန် ထိရောက်၍ ထင်သာမြင်သာရှိသည့် လုပ်ငန်းရပ်များ ချက်ချင်း ချမှတ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာ၌  အစား အသောက်နှင့် ဆေးဝါး ပြဿနာသည် ရေရှည်ဆိုးကျိုးကို ပေးနိုင်သောကြောင့် ပို၍ဂရုပြု ဆောင်ရွက်စေလိုပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ကျန်းမာရေး အသိပညာမြင့်မားရေးသည် အရေးကြီးသည့်အတွက် ပြည်သူလူထု၏ ကျန်းမာရေး အသိ ပညာမြှင့်တင်ရေး လုပ်ငန်းများကိုလည်း အထူးအလေးပေး ဆောင်ရွက် ရမှာဖြစ်ပါကြောင်း၊ အစားအသောက် နှင့် ဆေးဝါးများတွင် သက်တမ်း ကုန်ဆုံးသည့်နေ့၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များ ပါဝင်သည့် အစားအသောက်၊ ဆေးဝါးများကိုသာ ရွေးချယ်ဝယ်ယူသည့် အလေ့အကျင့်များကို ရရှိစေလိုကြောင်း၊ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲ ရေးဦးစီးဌာနမှ (MMFDA - Approved) တံဆိပ်ကပ်နိုင် သည်အထိ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

မြန်မာနိုင်ငံတွင် ကျောင်းသားထုသည် (၉) သန်းခန့်ရှိရာ အင်အားကြီးသည့် အတွက် ကျောင်းသားများမှ တဆင့် မိသားစုများဆီသို့ ကျန်းမာရေး အသိပညာများ ပြန်လည် ဖြန့်ဝေပေးနိုင်သဖြင့် ကျောင်းကျန်းမာရေး လုပ်ငန်းကိုလည်း ပိုမို လုပ်ဆောင်စေလိုကြောင်း၊

ရောင်းချသူများ အပိုင်းမှလည်း ကျင့်ဝတ်နှင့်အညီ စားသုံးရန် မသင့်သည်များကို မထည့်၊ မရောင်းပဲ အရည်အသွေးကောင်း များကိုသာ ရောင်းချနိုင်ရန် ပညာပေးဆောင်ရွက် စေလိုကြောင်း၊

အစားအသောက်နှင့် ဆေးဝါးပြဿနာသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ရင်ဆိုင်နေရသည့် အရေး အကြီးဆုံး ပြဿနာဖြစ်သည့်အတွက် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနသည် တစ်ပြည်လုံး အတိုင်းအတာဖြင့် စီမံချက်ပုံစံ ဆောင်ရွက်ရာတွင် ဖေါက်ထွက်တွေးခြင်း၊ ဆန်းသစ်တီထွင် တွေးခေါ်ခြင်း များဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသန်းထွဋ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်တို့က ဦးစီးဌာနမှ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသူများက ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။  

(သတင်းစဉ်)

No comments:

Post a Comment