Thursday, August 24, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၅၀)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် သြဂုတ်  ၂၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၀)ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ အဆို ၁ ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း တို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေးတွင် မြ၀တီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်၏ ထိုင်း-မြန်မာ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မည်သို့ကူညီပေးမည်၊ ကူညီဆောင်ရွက်ထားရှိသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထိုင်းနိုင်ငံ က တရားမ၀င်နိုင်ငံသား အလုပ်သမားများနှင့် ပတ်သက်ပြီး ဥပဒေအသစ် ထုတ်ပြန်ခဲ့သည့် အတွက် ဇွန်လ ၂၈ ရက်ကစတင်၍ ထိုင်နိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထား မရှိသော နိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများသည် နယ်စပ်ဒေသ အသီးသီးကနေ မြန်မာနိုင်ငံ အတွင်းကို ပြန်လည် ၀င်ရောက်ခဲ့ပါကြောင်း။

သြဂုတ် ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်းကို ပြန်လည် ၀င်ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမား အရေအတွက်မှာ ၁၀၈၅၀၃ ဦးရှိပြီဖြစ်ပါကြောင်း၊ ပြန်လည် ၀င်ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမား များကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဌာနမှတာဝန်ရှိသူများက သွားရောက်ကြိုဆို လက်ခံပေးပြီး ဒေသအသီးသီးသို့ အလှူရှင်များ၏ အကူအညီဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာသည့် လုပ်သားများကို ၎င်းတို့၏ သဘောဆန္ဒနှင့်အညီ အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလားတူ ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင် ရောက်မည့် အလုပ်သမားများကိုလည်း တရားဝင် အလုပ်သမားဖြစ်အောင်၊ ဥပဒေများနှင့်အညီ ခံစားခွင့်ရှိသည့် အလုပ်သမားဖြစ်အောင် ၀န်ကြီးဌာန အနေဖြင့် အစီမံများချမှတ်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၏ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၏ ကောက်ခံငွေကြေး သတ်မှတ်နှုန်းထားတို့မှာ ခေတ်နှင့်လျော်ညီမှု မရှိတော့ပါသဖြင့် ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၁၉၄၈ ခုနှစ်ကတည်းက မှတ်ပုံတင်ရေး နည်းဥပဒေများတွင် ပြဋ္ဌာန်း ထားသည့် ဈေးနှုန်းများဖြစ်သည့် အတွက် လက်ရှိအနေအထားတွင် မလျော်ညီတော့ပါကြောင်း၊ ထို့ကြောင့် ဥပဒေနှင့် နည်း ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲလျက် ရှိပါကြောင်း၊ ပြင်ဆင်ရေးဆွဲပြီး ပြဋ္ဌာန်းပြီးပါက ကောက် ခံငွေကြေး သတ်မှန်းနှုန်းများ အပါဝင် လုပ်ထုံးလုပ်နည်းများကိုလည်း စနစ်တကျ ဆောင်ရွက် သွားရန် အစီအစဉ်ရှိပါကြောင်း ဖြေကြားသည်။

ထို့ပြင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၊ စမ်းချောင်းမဲဆန္ဒ နယ်မှ ဦးဘိုဘိုဦး၊ လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်းနှင့် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင် တို့၏ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ မေးခွန်းများကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ တင်သွင်းထားသည့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိ သော ဘင်္ဂလီလူမျိုးအစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်းပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မင်းပြားမဲဆန္ဒနယ်မှ ဦးစစ်နိုင်က အကြမ်းဖက် အစွန်းရောက်သမားများ၏ ၀ါဒဖြန့်မှု၊ ခြိမ်းခြောက်မှု၊ သတ်ဖြတ်မှုများကြောင့် ဒေသခံ တိုင်းရင်းသားများသည် လယ်ယာမြေအိုးအိမ် စွန့်ခွာတိမ်းရှောင်ရခြင်း၊ ရပ်ကျေးအုပ်ချုပ်မှုများ တာဝန် မထမ်းဆောင်နိုင် ကြတော့ခြင်း ဖြစ်ပေါ် လျက်ရှိပါကြောင်း၊ တရားဥပဒေလည်း မစိုးမိုးတော့ပါကြောင်း၊  နိုင်ငံတော်၏ အချုပ်အခြာပိုင်နက် နယ်မြေနှင့်  အာဏာဆုံးရှုံးသွားမည့်အရေးသည် ရခိုင်မြောက်ပိုင်း ဒေသတစ်ခုတည်း၏ အရေးမဟုတ်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံး၏ ပြည်ထောင်စု အရေးဖြစ်ပါကြောင်း၊ ထို့ကြောင့် အစွန်းရောက် အကြမ်းဖက်သမားများ၏ ချိတ်ဆက် လှုပ်ရှား မှုနှင့် ငွေကြေး လက်နက် ရိက္ခာရှာဖွေ ထောက်ပံ့မှုများကို ဖော်ထုတ်ပြီး အစိုးရ၏ တည်ဆဲဥပဒေများအရ အရေးယူ အပြစ်ပေးခြင်း၊ ရှင်းလင်းခြင်း၊ နိုင်ငံရပ်ခြားမှ အကြမ်းဖက်သမားများသို့ ထောက်ပံ့သည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များကိုလည်း နိုင်ငံတကာနှင့် ချိတ်ဆက် ဖော်ထုတ် အရေးယူကာ ကမ္ဘာနိုင်ငံများက သိရှိအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်နှင်းက “ကိုလိုနီခေတ် ၁၈၇၄ ခုနှစ်က စပြီး ဘင်္ဂလားနယ်က ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ်မှာ လယ်ကူ လီများအဖြစ် အသုံးပြုဖို့ ခေါ်ယူနေရာ ချထားပေးရာကနေ ဘင်္ဂါလီတွေ စတင်ရောက်ရှိလာတာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကျွန်တော်တို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိဘူး ဆိုတာ ကမ္ဘာကို အသိပေးပြီး ဖြစ်တယ်လို့ အတိအလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဘင်္ဂါလီတို့၏ အကြမ်းဖက်လုပ်ရပ်များဟာ ယနေ့အချိန် အခါတွင် ရခိုင်ပြည်နယ်အရေး သက်သက်မဟုတ်တော့ဘဲ ပြည်ထောင်စု မပြိုကွဲရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး စတဲ့အချက်တွေကို နှောက်အယှက်ထိပါးလာတဲ့ အနေအထား သို့ တစ်စတစ်စ ရောက်ရှိလာပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ်ဆောင်ရွက် ရာတွင် နိုင်ငံတကာ ဖိအားကိုစိုးရိမ်ပြီး လူ့အခွင့်အရေးရှုထောင့်ကို ရှေ့တန်းတင်နေမယ့်အစား နိုင်ငံတော်အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဒေသခံရခိုင် တိုင်းရင်းသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တို့ ကာကွယ်ရေးအတွက် လုံခြုံရေးရှုထောင့်ကို ဦးစားပေးကာ ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါတယ်”ဟု ဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက “ဘင်္ဂါလီအကြမ်းဖက် သမားတွေရဲ့ လုပ်ရပ်တွေကို တည်ဆဲအကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ နဲ့အညီ ထိရောက်စွာ အရေးယူ သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေဖြင့် တုံ့ပြန်မှုတွေ နှောင့်နှေးနေပါက ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကိုပါ ရေရှည်မှာထိခိုက်လာနိုင်တဲ့အတွက် လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းကာ နိုင်ငံတော်အစိုးရကို လိုအပ်သလို တိုက်တွန်းသွားရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသခံ တိုင်းရင်းသားတွေအတွက် ပိုမိုကောင်း မွန်စိတ်ချရတဲ့  လုံခြုံရေးစနစ်၊ လက်ရှိလုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေး ယန္တရားကို ဥပဒေနဲ့အညီ တောင့်တင်းခိုင်မာရေးအတွက် ဘက်ပေါင်းစုံက စီမံဆောင်ရွက်ပေးဖို့ အပူတပြင်း လိုအပ်လျက် ရှိပါတယ်” ဟု ဆွေးနွေးသည်။

ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးနိုင်ထူး အောင်၊ သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးရည်မွန်(ခ)မောင်တင် သစ်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေ၊ ကလော မဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး တို့ကလည်း ဆွေးနွေး ကြသည်။

အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများအကြား ဖြစ်ပွားသည့်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်နှင့် ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တို့သည် ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင် မြို့နယ်များသို့ ပြည်ထောင်စု ဝန်ကြီးများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ စဉ်ဆက်မပြတ် သွားရောက်၍ ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအတွက် လိုအပ်သည့် စားနပ်ရိက္ခာများ၊ လယ်ယာသုံး စက်ကိရိယာများ၊ ငွေကြေးများအပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ် များကို ကူညီထောက်ပံ့ပေးခြင်း၊ ကျေးရွာလမ်း၊ တံတားနှင့် စာသင်ကျောင်းများ ဆောက်လုပ် ပေးခြင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် စိုက်ပျိုးစရိတ်များ အချိန်မီ ထုတ်ပေးခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် အမျိုးသမီးအိမ်တွင်းမှု အသက်မွေး ပညာသင်ကျောင်း များမှ အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းများ ဖွင့်လှစ် ပို့ချခြင်း၊ ဝေးလံခေါင်ဖျား ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေ သည့် ဆရာ/ ဆရာမများ အတွက် လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် နေရာထိုင်ခင်း စီစဉ်ဆောင်ရွက်ပေးခြင်း တို့အပြင် ဝန်ကြီးဌာနအသီးသီးမှ မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တပ်မတော်နယ်မြေခံ ဆေးတပ်ရင်းများမှလည်း ကျေးရွာ အရောက်ကွင်းဆင်း၍ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသမှု စသည့်ကျန်းမာရေး စောင့်ရှောက်ပေးမှုများကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

ရခိုင်ပြည်နယ် အနောက်ဘက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသည့် မောင်တော မြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ ရသေ့တောင်မြို့နယ်များသို့ တစ်ဖက်နိုင်ငံမှအစ္စလာမ် ဘာသာဝင်များ တရားမဝင် ဝင်ရောက်လာမှု မရှိစေရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာနတို့ဖြင့် ပူးပေါင်းဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း။

အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ တာဝန်ယူရသည့် နယ်မြေတွင် မောင်တော မြို့နယ်၊  ဘူးသီးတောင် မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ ပါဝင်ပြီး အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ဒေသ ၄ ခု၊ နယ်မြေ ၁၁ ခု သတ်မှတ်ထားပြီး နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၉၅ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ နယ်စပ် ခြံစည်းရိုးကင်းစခန်း ၁၂ ခု၊ စုစုပေါင်း ၁၅၇ နေရာအား နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့အောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၄ ခုမှ တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့သည် နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၁၂၉ ခု၊ ချောင်းဝ ကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခု၊ စုစုပေါင်း ၁၉၁ နေရာအား နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့အောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၄ ခု အပြင် အမှတ်(၈)၊ အမှတ်(၁၂)နှင့် အမှတ်(၂၅) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတို့ကို ထပ်မံအင်အား ဖြည့်တင်းပြီး တပ်မတော်နှင့် ပူးပေါင်း၍ နယ်မြေလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အနေဖြင့်လည်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များရှိ ရုံး၊ ရဲစခန်းများတွင် အင်အား ထပ်မံ ဖြည့်တင်းခဲ့ပါကြောင်း၊ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်နှင့် ဆက်စပ် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ၂၀၁၇ ခုနှစ် သြဂုတ် ၁၆ ရက်ထိ စုစုပေါင်း ၄၆၆ မှု ဖမ်းဆီးအရေး ယူခဲ့ပြီး တရားရုံး စစ်ဆေးပြီး ၁၁၆ မှု၊ တရားရုံးစစ်ဆေးဆဲ ၁၄၇ မှု၊ ရဲစစ်ဆေးဆဲ အမှု ၁၈၀နှင့် ပိတ်သိမ်းမှု  ၂၃ မှု တို့ ဖြစ်ပါကြောင်း။

ဒေသအတွင်းရှိ တိုင်းရင်းသား ကျေးရွာများနှင့် အစွန်အဖျား ကျေးရွာများတွင် အကြမ်း ဖက်တိုက်ခိုက်မှု မခံရစေရေးအတွက် ရွာအနီး ပတ်ဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ခွဲ ထားပြီး ချေမှုန်းရေးလက်နက်၊ ပစ်ကူလက်နက်၊ အဓိကရုဏ်း လက်နက်များ မျှတစွာခွဲဝေ ထားသည့်အပြင် စခန်းတစ်ခုနှင့်တစ်ခု စက်ကူ၊ ပစ်ကူအပြန်အလှန်ပေးနိုင်ရေး စီမံဆောင်ရွက် ထားပြီး အကြမ်းဖက်သမားများ၏ သတင်းရရှိမှုအပေါ် မူတည်၍ နယ်မြေရှင်းလင်း ဆောင်ရွက်ရာတွင် နီးစပ်ရာ တိုင်းရင်းသား ကျေးရွာများသို့ ဝင်ရောက်ခိုအောင်းနိုင်မှု မရှိစေရေး ကြိုတင်စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း။

အကြမ်းဖက်အဖွဲ့များ မသင်္ကာဖွယ် အခြေအနေ တွေ့ရှိပါက ကြိုတင်လက်ဦးမှု ရယူကာ အသင့်ပစ်ခတ် ရှင်းလင်းရေး၊ တိုင်းရင်းသားကျေးရွာများ အကြမ်းဖက်မခံရစေရေးအတွက် လုံခြုံရေးရဲကင်းများ ချထားလျက် ရှိသော်လည်း အချို့ရဲကင်းမရှိသော ကျေးရွာများတွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ စဉ်ဆက်မပြတ်သွားရောက်၍ အလှည့်ကျစနစ်ဖြင့် လှည့်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံတိုင်းရင်းသားများ ဘဝ လုံခြုံမှု ရှိစေရေးအတွက် လုံလောက်သော အင်အားဖြင့် လုံခြုံရေးဆောင်ရွက်ခြင်းနှင့် သတင်းပေးတိုင်ချက်များ ရှိလာပါက တာဝန်ကျေသဘောမျိုး မဟုတ်ဘဲ အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် အလေးထား၍ ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း မောင်တောခရိုင်အတွင်း နိုင်ငံတော် အစိုးရအနေဖြင့် တည်ဆဲ ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်နေသည်ကို အခွင့်ကောင်းယူကာ အစွန်းရောက်အကြမ်း ဖက်များက အကြမ်းဖက်လုပ်ရပ်များကို ပိုမိုလုပ်ဆောင်လာသည့်အတွက် ဥပဒေနှင့်အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဖြစ်ကြောင်း၊ အပြစ်မဲ့ အရပ်သားပြည်သူများကို အကာအကွယ် ပေးနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အစွန်းရောက် အကြမ်းဖက်သမားများနှင့် အားပေးကူညီသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုအား မှတ်တမ်းတင်သင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်လိုက်ခဲ့သည်။

ကျော်သူထက်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment