ကျိုက်ထို၊
ဇူလိုင် ၂၃
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့်အတူ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်
တောရ ဘုန်းတော်ကြီးကျောင်း ရေဘေးရှောင် ယာယီခိုလှုံရေး စခန်းသို့ ယနေ့ရောက်ရှိကြပြီး
ရေဘေးရှောင် ပြည်သူများနှင့် တွေ့ဆုံကာ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့်
ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့ ပူးပေါင်း ဆောင်ရွက်နေသည့် ဘေးအန္တရာယ်
ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူအားလုံး ပူးပေါင်း ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှုပြုလျက်
ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးကို
ရင်ဆိုင်ရလျက် ရှိကြောင်း၊ သဘာဝဘေး ကြိုတင်ပြင်ဆင်မှု အပိုင်းတွင် ရင်းနှီးမြုပ်နှံမှု
အားနည်းခြင်းနှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ခံနိုင်ရည်ရှိမှုတို့ ဆောင်ရွက်ရာတွင်
သိပ္ပံနှင့် နည်းပညာ အသုံးချမှု အားနည်းခြင်းတို့သည် အဓိကကျသည့် အကြောင်းရင်းများ ဖြစ်ကြောင်း၊
လက်ရှိ အစိုးရအနေဖြင့် ပြည်သူတို့ ခံစားနေရသော ဘေးဒုက္ခများအတွက် လတ်တလော ဖြေရှင်းခြင်းနှင့်
ရေရှည်ဖြေရှင်းခြင်း နည်းလမ်းနှစ်မျိုးလုံးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ လတ်တလော
အနေဖြင့် ဘေးဒုက္ခ ရောက်နေသူများကို ချက်ချင်းကူညီ ထောက်ပံ့မှု ပြုခြင်းနှင့် ရေရှည်
အတွက် ကြိုတင်ကာကွယ်ရေး အစီအမံများ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများ
အားလုံး ပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးက ရေဘေးရှောင် ပြည်သူများ လတ်တလော စားသုံးရန် အတွက် ဆန်၊ ကြက်ဥ၊
ငါးသေတ္တာ၊ ရေသန့်နှင့် ကလေးငယ်များ အတွက် ကစားစရာ အရုပ်နှင့် အာဟာရမုန့်များကို ထောက်ပံ့
ပေးအပ်သည်။
ထို့နောက်
ကျိုက်ထိုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်း၌ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့်
အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး သဘာဝဘေး ကြိုတင်
ကာကွယ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ပြီး သဘာဝ ဘေးအန္တရာယ်
ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဖိုက်ဘာ စက်တပ်လှေ (၅)စီးနှင့်
အသက်ကယ်အင်္ကျီ (၁၅၀)ထည် အတွက် ထောက်ပံ့ ငွေ (၁၂၅)သိန်း၊ လက်ကိုင်စက်လွှ (၂)လက်၊ ရွက်ဖျင်တဲ
(၅)လုံးနှင့် လက်ကိုင် စကားပြောစက် (၅)လုံး တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment