Saturday, April 22, 2017

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တရားဝင်ခရီးသွားရောက် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး




နေပြည်တော် ဧပြီ ၂၂
ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် တရုတ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီ ၁၇ ရက်မှ ၂၂ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တရားဝင်ခရီးသွားရောက်ခဲ့သည်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်သည် တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ၀မ်ယီ၊ နိုင်ငံတော်လုံခြုံရေးရာဝန်ကြီး မစ္စတာ ချန်ဝမ်ချင်၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လျိုးကျန်းမင်တို့နှင့် ပေကျင်းမြို့၌ သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံအဆင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ အကြား ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးမှုများ၊ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်နိုင်ငံမှ အဆိုပြုထား သည့် " ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အစီအစဉ်နှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ကူမင်းမြို့သို့ ရောက်ရှိစဉ်၌ ယူနန် ပြည်နယ် ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူး မစ္စတာ လီရွှီလင်းနှင့်လည်းကောင်း၊ ယူနန်တက္ကသိုလ်ရှိ မြန်မာ့ရေးရာလေ့လာရေးဌာနမှ ပါမောက္ခများ၊ သုတေသီများ၊ ကျောင်းသားများနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ရှိရင်းစွဲ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရန် ကြိုးပမ်းမှုများ၊ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများ၊ မျက်မှောက်ခေတ်တွင် ကြုံတွေ့နေရသည့် သမားရိုးကျနှင့် သမားရိုးမဟုတ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment