Sunday, April 23, 2017

ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ စတင်ကျင်းပ

တောင်ကြီး ဧပြီ ၂၃
ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို တောင်ကြီးမြို့ မြို့တော်ခန်းမရှေ့၌ ယနေ့နံနက် (၉) နာရီတွင် စတင်ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးဝင်းကျော် (ခ)ဦးအိုက်မိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေတို့က ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းရင်းသားကလေးငယ်များက ငြိမ်းချမ်းရေး အထိမ်းအမှတ် ဂျိုးဖြူငှက်များ လွှတ်ပေးကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကျင်းပမည့် မြို့တော်ခန်းမအတွင်း နေရာယူကြပြီး  ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုကြသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခဲ့ပြီး အဆိုပါသဘောတူစာချုပ်အရ လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ရေးဆွဲအတည်ပြုခဲ့ပါကြောင်း၊ ယင်းနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မှုဘောင်ကိုအခြေခံပြီး ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစုပင်လုံကို ၂၀၁၆ခုနှစ်၊ ဩဂုတ် ၃၁ရက်မှ စက်တင်ဘာ ၃ ရက်အထိ နေပြည်တော်၌ အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း၊ ၂၁ရာစုပင်လုံညီလာခံကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည့်အတွက် ဆောင်ရွက် သူများအကြား   ယုံကြည်မှုများ ပိုမိုခိုင်မာလာစေခဲ့ပါကြောင်း၊ မတူကွဲပြားသည့် သဘောထားအမြင်များ ရှိခဲ့ကြသော်လည်း ၂၁ရာစု ပင်လုံ ညီလာခံကို အောင်မြင်အောင် ဘုံရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့ကြပါကြောင်း ပြောကြားသည်။
 ယနေ့ကျင်းပသည့် နိုင်ငံရေးဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်အသီးသီးမှ ကိုယ်စားလှယ်များက နိုင်ငံရေးဆိုင်ရာ စာတမ်း (၂၆) စောင်၊ စီးပွားရေးဆိုင်ရာစာတမ်း (၂၃)စောင်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စာတမ်း (၂၁)စောင် စုစုပေါင်းစာတမ်း အစောင် (၇၀) တင်သွင်းလာခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် တင်သွင်းလာသည့် စာတမ်းများကို စုစည်းပြီး ရှမ်းပြည်နယ် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီက တက္ကသိုလ်များမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကို စုစည်း ပေါင်းစပ်၍ နိုင်ငံရေးဆိုင်ရာစာတမ်း (၁)စောင်၊ စီးပွားရေးဆိုင်ရာစာတမ်း (၁)စောင်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာစာတမ်း (၁)စောင်၊ စုစုပေါင်းစာတမ်း (မူကြမ်း) ၃စောင် ထွက်ပေါ်လာစေရန် သတ်မှတ်မူဘောင်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စီစစ်စုစည်း၍ ဆွေးနွေးပွဲနောက်ဆုံးရက်တွင် ဖတ်ကြားသွားမည်ဖြစ်ပါကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။
ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး၊ နောင်အနာဂတ် မျိုးဆက်သစ် လူငယ်များ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းလုံခြုံစွာ ရှင်သန်ကြီးပြင်းလာနိုင်စေရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးတို့အတွက် အားလုံးယုံကြည်မှုရှိရှိဖြင့် ဆွေးနွေးညှိနှိုင်းပြီး အားလုံးမျှော်လင့်တောင့်တနေသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အဖြစ်သို့ လျင်မြန်စွာ ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှမ်းပြည်နယ်တွင် အရေးကြီး သည့် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်သည် ပြည်ထောင်စုကြီးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပင်လုံစိတ်ဓါတ်ကို စတင်မွေးဖွား ပေးခဲ့သောဒေသလည်းဖြစ်ကြောင်း၊ အမျိုးသား ညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး အတွက် ဘူမိနက်သန်နေရာ တစ်ခုဖြစ်ကြောင်း၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်ဧ။် မြို့တော် တောင်ကြီးမြို့၌ ခန်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းသည် ပြည်ထောင်စုငြိမ်းချမ်းရေး ခရီးလမ်းအတွက် ရှမ်းပြည်နယ် အတွင်းရှိ ပြည်နယ်သူ/ ပြည်နယ်သားများ၏ ခြေလှမ်းတစ်လှမ်းဟုဆိုလျှင် မမှားနိုင်ပါကြောင်း။
ရှမ်းပြည်နယ်သည် ခေတ်အဆက်ဆက် လက်နက်ကိုင်ပဋိပက္ခများကို အများဆုံးရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဒေသတစ်ခုဖြစ်ပါ ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ စုစည်းပြီးလွတ်လပ်ရေးကို တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အတူတကွ ရယူပေးနိုင်ရန် သမိုင်းဝင်ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ကောင်းမွန်သည့် ရေခံ၊ မြေခံ၊ သမိုင်းနောက်ခံအရ ရှမ်းပြည်နယ်ဧ။် နိုင်ငံရေး နိုးကြားမှုသည် အရှိန်အဝါကြီးမားပါကြောင်း ပင်လုံစာချုပ်ချုပ်ဆိုပြီး လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ထောင်စုညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခြင်းမရှိသည့်အတွက် ယနေ့အထိစစ်မီးမငြိမ်းသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိနေကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့  အလုပ်အမှု ဆောင် ဦးရန်ကျော်၊ "ပလောင်" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးဝင်းကျော်(ခ) ဦးအိုက်မိန်း၊ "ကိုးကန့်" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးကျောက်တယ်ချန်၊ "ပအိုဝ်း" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ "ဓနု" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌဦးအာကာလင်း တို့က အမှာစကားများ ပြောကြားကြကာ တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
ထို့နောက် ဆွေးနွေးပွဲ၏ ပထမနေ့ စာတမ်းဖတ်ကြားခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ သဘာပတိအဖြစ် ဒေါက်တာ စိုင်းအောင်ဆန်း {ပင်လုံ တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း)}နှင့် အဖွဲ့ဝင်များအဖြစ် ဦးကျော်မိုး {ညွှန်ကြားရေးမှူး(ငြိမ်း) သစ်တော ဦးစီးဌာန}၊ ဦးဝင်းမြင့် {အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး(ငြိမ်း)}၊ ဦးခင်သန်း {ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး(ငြိမ်း)}၊ ဒေါက်တာတင်မာကြည် {ပင်လုံ တက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)}တို့က ဆောင်ရွက်ကြသည်။
ထို့နောက် သဘာပတိ ဒေါက်တာစိုင်းအောင်ဆန်းက အမှာစကားပြောကြားပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဖတ်ကြားမည့် စာတမ်းများနှင့် ပတ်သက်၍ လိုအပ်သည့် အချက်များ အား ရှင်းလင်းပြောကြားကာ  စာတမ်းများဖတ်ကြားကြသည်။
အခမ်းအနားသို့ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ဒုတိယဥက္ကဌ၊ ပြည်နယ် ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လူမျိုးကိုယ်စားလှယ်များ၊ NCA လက်မှတ် ရေးထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့တို့မှကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း အင်အား(၄၀၀)ကျော် တက်ရောက်ကြပြီး ဒေသအလိုက် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ဧပြီ ၂၃ရက်မှ ၂၅ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment