နေပြည်တော် ဧပြီ ၂၃
အမျိုးသားသဘာဝဘေး
အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင်
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နှင့် ဖျာပုံမြို့နယ်၊ ကျုံကန်ကျေးရွာတို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး
လုပ်ငန်းများနှင့် သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်စေရေး ရပ်ကွက်ကျေးရွာရှိ
ပြည်သူ လူထုနှင့် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက ပညာရှင်များ၏ လေ့လာဆန်းစစ်ချက်များအရ ကမ္ဘာ့နိုင်ငံ(171) နိုင်ငံတွင်
သဘာဝဘေး ဖြစ်ပွားမှု၌ မြန်မာနိုင်ငံသည် ဖြစ်ပွားမှု အများဆုံးအလိုက် အဆင့်(၄၂)တွင်ရှိပြီး
သဘာဝဘေး ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်မှုတွင် အဆင့်သင့်မဖြစ်ခြင်းအဆင့် (၁၅) တွင်
ရှိပါကြောင်း၊ ယေဘုယျအားဖြင့်ဆိုရသော် သဘာဝဘေး ဖြစ်ပွားမှုများပြားပြီး ရင်ဆိုင်တုံ့ပြန်နိုင်ရန်
အဆင်သင့်ဖြစ်မှု လိုအပ်နေသည်မှာ ထင်ရှားပါကြောင်း၊ ၄င်းအခြေအနေများသည် နိုင်ငံတစ်နိုင်ငံ၏
လမ်းတံတား အဆောက်အဦများ ကြံ့ခိုင်မှုအခြေအနေ၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း၊ ပို့ဆောင်မှု၊
လုံခြုံမှု မရှိခြင်းနှင့် ဆက်သွယ်ရေး စနစ်လိုအပ်မှုများ၊ လျှပ်စစ်စွမ်းအင်သုံးစွဲမှု
မလုံလောက်ခြင်းစသည့် အချက်များပေါ်တွင် မူတည် သည်ကို လေ့လာတွေ့ရှိရပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သဘာဝဘေးကို
ရင်ဆိုင်တုံ့ပြန်နိုင်ရန် အဆင်သင့်ဖြစ်ရေး ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့သစ်အနေဖြင့်
အဓိက ကျသော လမ်းတံတား ကြံ့ခိုင်ရေး၊ ပို့ဆောင်မှုများကောင်းမွန်ရေး၊ ဆက်သွယ်မှုများ တိုးတက်ရေးနှင့်
လျှပ်စစ်စွမ်းအင်ပိုမို အသုံးချနိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်
သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်မှုအပိုင်းကို အဓိကထား ဆောင်ရွက်လျက်ရှိရာ လိုအပ်သောနေရာတိုင်းတွင်
လုံခြုံစိတ်ချရသော အရေးပေါ် ခိုလှုံရာ ဘက်စုံသုံး အဆောက်အဦများကို ဖြည့်ဆည်းတည်ဆောက်နိုင်ရေး၊
အလျင်အမြန် ထိရောက်သော တုံ့ပြန်မှုပြုနိုင်ရန် ဘေးအန္တရာယ် ပူးပေါင်းကူညီရေးတပ်ဖွဲ့ကို
အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းများ၊
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖွဲ့စည်းပြီး တပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့များနှင့်
ပူးပေါင်းကာ သဘာဝဘေးတုံ့ပြန်ရန် အဆင်သင့်ဖြစ်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုကဲ့သို့
အဆင်သင့်ဖြစ်ရေး အကောင်အထည် ဖော်ရာတွင် ပြည်သူ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးပါကြောင်း
ပြည်သူနှင့်အတူ ပြည်သူ၏ လိုအပ်ချက်များကို ဖော်ထုတ် ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက်
ပြည်သူများ၏ တင်ပြချက်များဖြစ်သော ဘိုကလေးမြို့နယ်၊ ညောင်ပိတ် ကျေးရွာတွင် Cyclone
Shelter (၁) လုံး ဆောက်လုပ်ရန် ငွေကျပ် (၁၂၉၅ ဒသမ ၈) သိန်း၊ သောက်သုံးရေ ခက်ခဲသော ချောင်းဗြဲကြီးကျေးရွာတွင်
အ၀ီစိတွင်း (၁)တွင်း တူးဖော်ရန် ငွေကျပ်(၂၅)သိန်း၊ ဖျာပုံမြို့နယ်၊ လက်ပံအုပ်စု၊ မယ်လေးရိုးကျေးရွာနှင့်
ဘ၀သစ်အုပ်စု၊ ကံကြီးဘလေးကုန်း ကျေးရွာတွင် မြေသားသောက်ရေကန်(၂)ကန် တူးဖော်ရန် ငွေကျပ်
(၅၀)သိန်း၊ ဇင်းဘောင်အုပ်စု၊ ကျုံကန်ရွာတွင် ကျောင်းသား များ သွားလာမှုလွယ်ကူစေရေး ကွန်ကရိလမ်းခင်းရန်
ငွေကျပ်(၁၂)သိန်း၊ ဂေါ်ဒူကျေးရွာတွင် School Cum Shelter (၁)လုံးဆောက်လုပ်ရန် ငွေကျပ်(၁၂၉၅
ဒသမ ၈)သိန်း၊ လက်ပံအုပ်စု၊ ကျုံကန် ရွာတွင် မြေသားသောက်ရေကန်တူးဖော်ရန်နှင့် ခြံစည်းရိုးကာရံရန်ငွေကျပ်
(၇၂) သိန်း၊ ဒေးဒရဲမြို့နယ်၊ နေရောင်ကာကျေးရွာတွင် မြေသားသောက်ရေကန်တူးဖော်ရန်နှင့်
ခြံစည်းရိုး ကာရံရန် ငွေကျပ်(၇၂)သိန်းတို့ကို ထောက်ပံ့ပေးအပ်သည်။
ခရီးစဉ်အတွင်း
ပြည်ထောင်စုဝန်ကြီးသည် ဖျာပုံမြို့၊ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုးအဘွား(၃၁)ဦးအား
ရင်းရင်းနှီးနှီး တွေ့ဆုံကာ အ၀တ်အထည်များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment