Wednesday, April 19, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြ၀တီမြို့နယ် ဖလူးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မြ၀တီ၊ ဧပြီ ၁၉
ကရင်ပြည်နယ် မြ၀တီမြို့၌ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ယနေ့နံနက် ၉ နာရီတွင် မြ၀တီမြို့နယ် ဖလူးကျေးရွာအုပ်စု မင်းလက်ပံကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံ၌ ဖလူးကျေးရွာအုပ်စု ရှိဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများမှတာဝန် ရှိသူများနှင့်  ဒေသခံပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒေသခံပြည်သူ တိုင်းရင်းသားညီအကိုမောင်နှမများနှင့် ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့်အတွက် ၀မ်းမြောက်ရပါကြောင်း၊ နိုင်ငံတော်၏ ရသုံးငွေစာရင်းများအရ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို တစ်ဆင့်ပြီး တစ်ဆင့်ပိုမိုတိုးမြှင့်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ လက်ရှိတွင် လည်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၌ ဘဏ္ဍာငွေများ ပိုမိုကျခံသုံးစွဲလျက်ရှိပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး လိုအပ်ချက်များကို ပိုမိုမြှင့်တင်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်၏စီးပွားရေးပိုမိုဖွံ့ဖြိုး တိုးတက်လာ သည်နှင့်အမျှ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများလည်း ပိုမိုပြည့်စုံသွားမည်ဖြစ်ပါကြောင်း၊
တိုင်းပြည်၏ စီးပွားရေးပိုမိုကောင်းမွန်လာရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ပြည့်စုံသည့် ဥပဒေတစ်ရပ်ပေါ်ထွက်လာရန် လွှတ်တော်၌ ဆွေးနွေးဆောင်ရွက် လျှက်ရှိပါကြောင်း၊ ခိုင်မာသည့် ဥပဒေရှိမှသာ ပြည်ပကုမ္ပဏီများ နိုင်ငံအတွင်းသို့ လာရောက်ရင်းနှီး မြှုပ်နှံကြမည် ဖြစ်ကြောင်း၊ ထိုသို့ရင်းနှီးမြှုပ်နှံကြမှသာနိုင်ငံတွင် အလုပ်အကိုင်အခွင့် အလမ်းများ ပေါများလာမည်ဖြစ်ကြောင်း ပြောကြား သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်လက် ပြောကြားရာတွင် လွှတ်တော်သည် ဥပဒေ ပြဋ္ဌာန်းရသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါကြောင်း၊ တရားစီရင်ရေးကဏ္ဍနှင့် အုပ်ချုပ်ရေး ကဏ္ဍတို့ကိုလည်း အပြန်အလှန် ထိန်းကျောင်းနိုင်ရန် တာဝန်ရှိပါကြောင်း၊ လွှတ်တော်သည် ဥပဒေပြုရေးအာဏာကို ရယူကျင့်သုံးသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပယ်ဖျက်သင့်သည့် ဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်သင့်သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းသင့်သည့် ဥပဒေများကို အသစ်ပြဋ္ဌာန်းလျှက်ရှိပါကြောင်း၊ နိုင်ငံတော်တွင်လိုအပ်သည့်ဥပဒေ များပြဋ္ဌာန်းနိုင်ရန်အထူးကြိုးစား ဆောင်ရွက်နေပါ ကြောင်းနှင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မိမိတို့ရောက်ရှိချိန်တွင် ဒေသခံပြည်များအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းမှန်ကန်စွာ တင်ပြဆွေးနွေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါတင်ပြဆွေးနွေးချက်များကို ထိရောက်စွာဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဆောင်ရွက်ပေးချက်များကိုလည်း ပြည်သူများထံ ပွင့်လင်းမြင်သာစွာ ပြန်လည်အကြောင်း ကြားဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ အဖွဲ့နှင့် လွှတ်တော်သည် နိုင်ငံ၏ကဏ္ဍမျိုးစုံကို အကောင်းဆုံးဖြစ်ရန် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျှက်ရှိပါကြောင်း၊
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရရှိရေးသည် အဓိကပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရှိမှသာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများမှသာ နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး မေတ္တာနှင့်ယှဉ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန်ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ကျရာနေရာမှ အားကြိုးမာန်တက် ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြ၀တီမြို့နယ် မင်းလက်ပံကျေးရွာ၊ အင်ကြင်းမြိုင်ကျေးရွာနှင့် ကျောက်ခက်ကျေးရွာများမှ ဒေသခံပြည်သူများ က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒေသဖွံဖြိုးရေးလိုအပ် ချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးကြသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် မင်းလက်ပံ ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၏ ကျောင်းရှေ့လမ်း ကွန်ကရစ်ခင်းပြီးစီးမှုနှင့် မင်းလက်ပံအခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) တို့ကို လှည့်လည်ကြည့်ရှုသည်။

(သတင်းစဉ်)

No comments:

Post a Comment