Tuesday, April 25, 2017

အခွန် ရှောင်သူများကို ရှာဖွေ ဖော်ထုတ်ခြင်းဖြင့် ရသင့် ရထိုက်သော အခွန်ငွေများ ရရှိအောင် ဆောင်ရွက်ကြရန် လိုအပ်



နေပြည်တော်  ဧပြီ ၂၅
ပြည်တွင်း အခွန်များ ဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် အခွန် စည်းကြပ် ကောက်ခံမှု ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက   တာဝန်ရှိစိတ်ဖြင့် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ Tax Base ချဲ့ခြင်း၊ အခွန် တိမ်းရှောင်သူများကို ရှာဖွေ ဖော်ထုတ်ခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ငွေများ တိုးတက်ရရှိအောင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ပြည်သူနှင့် ထိတွေ့ ဆက်ဆံရသော ဌာနကြီးဖြစ်၍ ပြည်သူတို့၏ ရှုမြင် သုံးသပ် ပြောဆိုမှုများ အပေါ် အကောင်းဆုံး ဖြေရှင်း ဆောင်ရွက်ပေး ကြရန်နှင့် ပြောဆို ဆက်ဆံရေးမှ အစ သတိထား ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၏ Taxation Reform ကို အဆင့်အတန်း အားလုံး လိုက်ပါ ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်တွင်းအခွန်များ ဦးစီးဌာန ဝန်ထမ်း အဆင့်ဆင့် အနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ် အခွန် လျာထားချက်ကို ပြည့်မီ ကျော်လွန်စွာ ကောက်ခံ ရရှိသည့် အတွက် ချီးကျူး ဂုဏ်ပြုပါကြောင်း၊ သို့ရာတွင် အာဆီယံ နိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ အခွန် ကောက်ခံရရှိမှုသည် နိမ့်ကျနေသေးသည့် အတွက် ရသင့် ရထိုက်သော အခွန်ငွေများ တိုးတက် ကောက်ခံရရှိရေး ကြိုးပမ်း ဆောင်ရွက် ကြရန် လိုကြောင်း၊ အခွန်နှုန်း နည်းနည်းနှင့် အခွန်အခြေကို ချဲ့ထွင်၍ အခွန်ထမ်းသစ်များ ဖော်ထုတ်ခြင်း၊ အခွန် လွတ်ကင်းသူ၊ တိမ်းရှောင်သူများ ဖော်ထုတ်ခြင်း နည်းလမ်းများဖြင့် ဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က၂၀၁၆-၂၀၁၇ ခုနှစ်၊ အခွန်ကောက်ခံမှုနှင့် ၂၀၁၇-၂၀၁၈ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး/ ပြည်နယ် အခွန်ဦးစီးမှူးများမှလည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ခဲ့ရသည့် အားသာချက်၊ အားနည်းချက်များနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။
အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ် အခွန်ဦးစီးဌာနမှူးများ၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment