Wednesday, March 15, 2017

မင်းဘူး (စကု) မြို့နယ်တွင် လယ်မြေဧက (၂၀၀) ကို စက်မှုလယ်ယာအဖြစ် စနစ်ကျဖော်ထုတ်

မင်းဘူး မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ် ကုလားပါးကျေးရွာတွင် တောင်သူ (၂၆၀) ဦး၏ လယ်ယာမြေဧက (၂၀၀) ကို လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် စနစ်ကျ ဖော်ထုတ်ဆောင်ရွက်ပေးခဲ့ကြောင်း ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ သိရှိရသည်။

ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၁၁ရ.၁၇၂) သန်းဖြင့် ကုလားပါကျေးရွာ ကွင်းအမှတ် (၁၂၀၀) နှင့် (၁၂၀၂) တို့တွင် တောင်သူ (၂၆၀) ဦးတို့၏ လယ်ယာမြေများကို ထွန်စက်ကြီး (၁၀) စီးနဲ့ ဖော်ထုတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လယ်ယာမြေစံကွက်ဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ တောင်သူတွေရဲ့ ပုံသဏ္ဍာန်မမှန်တဲ့ လယ်ယာမြေအကွက်တွေကို ပုံသဏ္ဍာန်မှန်သွားအောင်ဆောင်ရွက်တာပါ။ လယ်ယာမြေတွေမှာ ရေသွင်းမြောင်းတွေ ရေထုတ်မြောင်းတွေ ပျောက်နေတဲ့အခါ ရေအတွက်ခက်ခဲ့နေတာတွေကို ကုန်ထုတ်လမ်းဘေးမှာရေသွင်းမြောင်း၊ ရေထုတ်မြောင်းတွေတပါတည်းပါရှိတဲ့အတွက် လယ်ယာတွေမှာ ရေသွင်း၊ ရေထုတ်ရတာ လွယ်ကူသွားသဖြင့် တောင်သူတွေစိုက်၊ ရိတ်၊သိမ်း စနစ်ပိုပြီးကောင်းမွန်လာမယ် ကုန်ထုတ်စွမ်းအားတိုးမြင့်လာမှာဖြစ်ပါတယ်" ဟု မင်းဘူးခရိုင် စက်မှုလယ်ယာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းမှ ပြောသည်။
"ကျွန်တော်တို့ဒေသက ဆည်ရေပေးတဲ့ မြောင်းဖျားဒေသဖြစ်ပါတယ်၊ လယ်တစ်ကွက်နဲ့တစ်ကွက် ကလည်းဆက်နေတယ်၊ လယ်ခြားမြောင်းတွေကလည်း ပျောက်ကုန်တယ်၊ လယ်ကိုသွားရင် အ၀င်လမ်း၊ အထွက်လမ်းလည်းမရှိဆိုတော့ သီးနှံစိုက်ပျိုး ချိန်တွေဆို သွားရေး၊လာရေးခက်သလို့၊ လယ်ခြားမြောင်း မရှိတဲ့အတွက် ရေအခက်အခဲလည်းရှိခဲ့ကြတယ်၊ ယခုဖော်ထုတ်ပေး တဲ့ လယ်ယာမြေတွေက ကုန်ထုတ်လမ်းဘေးတွေမှာရေသွင်းမြောင်း၊ ရေထုတ်မြောင်းတွေ စနစ်ကျပါတဲ့အတွက် စိုက်ပျိုးချိန်မှာ ရေအတွက်အဆင်ပြေသလို၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုပြီးလျင်မြန်လာမှာဖြစ်ပါတယ်" ဟု ကုလားပါး ကျေးရွာနေ တောင်သူ တစ်ဦးမှ ပြောပြသည်။

ဖိုးပြည့်

No comments:

Post a Comment