Wednesday, March 15, 2017

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပထမ တစ်နှစ်တာ စစ်ဆေးခြင်းဖြင့် ပြည့်အကျိုးဆောင်အံ့ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး



သတင်းဆောင်းပါး - သူရဇော်(သတင်းစဉ်)
ဓာတ်ပုံ - ကျော်ဇင်ထိုက်(သတင်းစဉ်)
လုပ်ငန်းဆောင်ရွက်မှုကြောင့် စာရင်းဟူ၍ ပေါက်ဖွားလာပါသည်။ စာရင်း၏ ဖြစ်ပေါ်ရာ အခြေခံမှာလည်း လုပ်ငန်းဖြစ်ပါသည်။ စာရင်းကို အဓိကထား၍ စစ်ဆေးနေလျှင် အကျိုးသက်ရောက်မှုနည်းရာမှ ပဓာနကျသည့်လုပ်ငန်းကို ဇောင်းပေး၍ စစ်ဆေးဖော်ထုတ် အစီရင်ခံမည့်ဦးတည်ချက်ဖြင့် ဆောင်ရွက်သည့်အတွက် အကျိုးသက်ရောက်မှုများစွာ ရရှိလာခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အကြီးမားဆုံးသော ပြောင်းလဲမှုဖြစ်ပါသည်။

အစိုးရအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများသည် နိုင်ငံတော်နှင့် ပြည်သူအတွက် မည်သည့် အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှုရှိသည်ကို စိစစ်သုံးသပ်နိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေး အစီရင်ခံလျက်ရှိသည်။
အစိုးရ၏ သယံဇာတအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲဆောင်ရွက်မှုများ၊ ပြည်သူ့ဘဏ္ဍာ ငွေကြေးစီမံခန့်ခွဲမှုများ၊ လုပ်ငန်းစီမံကိန်းများသည် ပြည်သူလူထုမျှော်မှန်းချက်များ၊ ဆန္ဒသဘောထားများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို အစိုးရအဖွဲ့အစည်းနှင့် လွတ်ကင်း၍ သမာ သမတ်ရှိသော အကဲဖြတ်လုပ်ဆောင်မှု ပြုလုပ်ရန်လိုအပ်သဖြင့် အမြင့်မားဆုံးစာရင်းစစ် အဖွဲ့အစည်း (Supreme Audit Institution - SAI)အဖြစ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအား ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် တိုင်းပြည်နှင့် ပြည်သူ လူထု၏အကျိုးကို စစ်ဆေးခြင်းလုပ်ငန်းဖြင့် ဖော်ဆောင်လျက်ရှိသည်။
ယခုတစ်နှစ်အတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ရွက်ချက်များသည် ကုန်လွန်ခဲ့သည့် နှစ်များနှင့် နှိုင်းယှဉ်ပါက ထူးခြားသိသာစွာ တိုးတက်ပြောင်းလဲလာခဲ့ပါသည်ဟု အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး က ဆိုသည်။
ထိုသို့သုံးသပ်ရခြင်းမှာ ၈ဝ/၂ဝ ဥပဒေသ (Pareto Rule)အရ ရှိသမျှအလုပ် သိမ်းကျုံးလုပ်ပြီး အလုပ်၏ကျေးကျွန်အဖြစ် လုပ်ကိုင်ကြိုးစားခြင်း ၈ဝ ရာခိုင်နှုန်းအနက်မှ ၂ဝ ရာခိုင်နှုန်းသာ အကျိုးရလဒ်ရရှိနေသည့် Work hard မှ လုပ်သင့်လုပ်ထိုက်သည့် အလုပ်များအနက် အရေးကြီးပြီး ပဓာနကျ သည့် အလုပ်များကို ၂ဝ ရာခိုင်နှုန်းလုပ်၍ ၈ဝ ရာခိုင်နှုန်း အကျိုးရလဒ်ရရှိမည့် Work smart သို့ ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်း ကြောင့်ဟု ၎င်းကဆိုသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်သည် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အပါအဝင် ရုံးပေါင်း ၃၈၆ ရုံးဖွဲ့စည်း၍ ဝန်ထမ်းအင်အား ၆၅ဝဝ ကျော်ဖြင့် စစ်ဆေးရမည့် အဖွဲ့အစည်းပေါင်း ၁၅၂၄ဝ အား စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
စစ်ဆေးခြင်း လုပ်ငန်းများကို ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ်၌ ပထမ ၆ လ၊ ဒုတိယ ၆ လခွဲခြား၍ တစ်နှစ်လျှင် နှစ်ကြိမ် စစ်ဆေးခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် သာမန်အားဖြင့် ဌာနအဖွဲ့အစည်းများအား ဘဏ္ဍာ ရေးနှစ် တစ်နှစ်လျှင် တစ်ကြိမ်သာ စစ်ဆေးမည် ဖြစ်သော်လည်း အချို့ဌာန/ အဖွဲ့အစည်းများသည် ယင်းတို့၏ လုပ်ငန်းသဘော သဘာဝ ရှုပ်ထွေးမှု၊ လုပ်ငန်းအရွယ်အစား ပမာဏကြီးမားမှုနှင့် အန္တရာယ်အခြေပြုသော စိစစ် သုံးသပ်မှုတို့အရ လိုအပ်ပါက အဆိုပါ ဌာန/ အဖွဲ့အစည်းများအား ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် နှစ်ကြိမ် စစ်ဆေး ဆောင်ရွက်မည်ကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မှ သိရသည်။
နိုင်ငံတကာတွင် ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်းကို တစ်နှစ်လျှင် တစ်ကြိမ်သာ ပြုလုပ်ပြီး ကောင်းမွန်သော အလေ့အထအဖြစ် လက်ခံကျင့်သုံးလျက် ရှိခြင်းကြောင့် လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အနေဖြင့် ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အားပြည့် ဆောင်ရွက်ရန် ဘဏ္ဍာငွေကြေးခွင့်ပြုမိန့်၊ ဘတ်ဂျက် အကန့်အသတ်ကြောင့် လည်းကောင်း၊ လစ်လပ်သွားသည့်နေရာများတွင် ဖြည့်စွက်ခန့်ထားရန် ခွင့်ပြုမိန့်မရသည့် အတွက်ကြောင့် လည်းကောင်း ရှိသည့်ဝန်ထမ်းအင်အား နှင့် အရည်အသွေးပြည့်မီသည့် စစ်ဆေးတွေ့ ရှိချက်များရရှိစေရန် ဘဏ္ဍာရေးစာရင်း စစ်ဆေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုစာရင်း စစ်ဆေးခြင်း ပေါင်းစပ်ဆောင်ရွက်ပြီး တစ်နှစ် တစ်ကြိမ်သာ စစ်ဆေးခြင်းကြောင့် ပေါ်ထွက်လာမည့် စစ်ဆေးရေး သွင်းအားစုများကို လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းဖြင့် စီမံကိန်း အကောင်အထည်ဖော်မှု စစ်ဆေးရာတွင် ပိုမိုဇောင်းပေးစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စာရင်းစစ်ချုပ်ရုံးမှ ဝါရင့်ဝန်ထမ်း တစ်ဦးက ပြောကြားသည်။
စစ်ဆေးခြင်း အမျိုးအစားများကိုလည်း ယခင်က ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှု စစ်ဆေးခြင်းတို့ဖြင့် စစ်ဆေးရာမှ ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများ ထိရောက်အောင်မြင်မှု အကျိုး သက်ရောက်မှုများကို တိုင်းတာစစ်ဆေးရသည့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း (Performance Audit) ကို တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဌာနအဖွဲ့အစည်းများ၏ ငွေကြေးစီမံခန့်ခွဲ သုံးစွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုများကို ထိထိ ရောက်ရောက် စစ်ဆေးနိုင်ရန်အတွက် စစ်ဆေးရေးအမျိုးအစားများ တိုးချဲ့ဆောင်ရွက်ခြင်း၊ အရည်အသွေးပြည့်မီသည့် စစ်ဆေးတွေ့ ရှိချက်များ ဖော်ထုတ်နိုင်ရန်ဆောင်ရွက်ခြင်း တို့ကိုလည်း ပြုပြင်ပြောင်းလဲဆောင်ရွက်လျက် ရှိသည်။
နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့ အနက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံပိုင်ကဏ္ဍစာရင်းများကို စစ်ဆေးရသည့် အဖွဲ့အစည်းဖြစ်၍ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ လိုက်နာဆောင်ရွက်သည့် လီမာ ကြေညာချက်၊ မက္ကဆီကို ကြေညာချက်နှင့်အညီ စစ်ဆေးရာ၌ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း (Financial Audit)၊ စည်းမျဉ်း စည်းကမ်း လိုက်နာမှုစစ်ဆေးခြင်း(Compliance Audit)၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း (Performance Audit)များကို အဓိကထားဆောင် ရွက်လျက်ရှိသည်။
လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း၌ ပြည်သူများထံမှကောက်ခံရရှိသည့် အခွန် အကောက်ဖြင့် သုံးစွဲသည့် အစိုးရဌာနများ ၏ သုံးစွဲငွေများသည် တန်ရာတန်ဖိုးရရှိမှု ရှုထောင့် (Value for Money) ဖြင့် စစ်ဆေးခြင်း၊ ခြိုးခြံချွေတာမှု၊ ထိရောက်အောင်မြင်မှု၊ စွမ်းဆောင်ရည်ရှိမှု စသည့်အမြင်များဖြင့် စစ်ဆေးလျက်ရှိသည်။
ထို့ပြင် Risk Based Audit ဖြစ်သည့် စာရင်းစစ်များထံတင်ပြလာသည့် ဘဏ္ဍာရေး ရှင်းတမ်းထဲတွင် ကွဲလွဲစွာဖော်ပြမှု၊ လွဲမှားစွာ ဖော်ပြမှု၊ သတ်မှတ်ချက်များကို မလိုက်နာမှုများသည် မသမာမှုများကြောင့် လွဲမှားမှုများ ရှိနိုင်ကြောင်း စာရင်းစစ်အန္တရာယ်ရှိနိုင်ကြောင်း အမြင်ဖြင့်လည်း ချဉ်းကပ်စစ်ဆေး လျက်ရှိသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် စစ်ဆေးရမည့်အဖွဲ့အစည်းအားလုံးကို တစ်နှစ် တစ်ကြိမ် ပြီးမြောက်အောင်စစ်ဆေးနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ စစ်ဆေးနိုင်ခဲ့သော်လည်း ဌာနအဖွဲ့အစည်းတစ်ခုချင်းစီ၏ ဘဏ္ဍာရေး နှစ်တစ်နှစ်အတွင်း ဆောင်ရွက်သည့်လုပ်ငန်းများ၊ စာရင်းများအားလုံးကို စစ်ဆေးရန် ရရှိ သည့်အချိန်နှင့် ဝန်ထမ်းအင်အား အကန့်အသတ်တို့ကြောင့် ရာနှုန်းပြည့် မစစ်ဆေးနိုင်သဖြင့် စစ်ဆေးရမည့်အဖွဲ့အစည်း၏ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ်အား လေ့လာ၍ စစ်ဆေးရန်လိုအပ်သည့် အတိုင်းအတာ ပမာဏကို ကောက်နုတ်ရွေးချယ်ပြီး စစ်ဆေးကြောင်း စာရင်းစစ်ပညာရှင်တစ်ဦးက ရှင်းပြသည်။
တိုးတက်ပြောင်းလဲလာနေသည့် နိုင်ငံတကာ စစ်ဆေးမှုများကို သိရှိနားလည်နိုင်ရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများရေးထိုးခြင်း၊ သင် တန်းများ ဖွင့်လှစ်ခြင်းတို့ကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ စစ်ဆေးခြင်းများကို ဘဏ္ဍာရေးစာရင်း စစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စစ်ဆေးခြင်း၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ စစ်ဆေးခြင်း စသည့် စစ်ဆေးရေးနည်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေး နွေးပွဲများနှင့် သင်တန်းများပြုလုပ်ပေးသွားရန် ရည်ရွယ်၍ နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး နှင့် နားလည်မှုစာချွန်လွှာကို နော်ဝေနိုင်ငံ အော်စလိုမြို့၌ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ထို့ပြင် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး နှင့်ပူးပေါင်း၍ ရေနံကဏ္ဍစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး နေပြည်တော်၌ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပ ခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၌ အဓိကပါဝင် ပတ်သက်သူများ၏ အခန်းကဏ္ဍနှင့် တာဝန်ရှိမှုများ၊ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များ၊ အန္တရာယ်နယ်ပယ်ဆိုင်ရာဆန်းစစ်မှု စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
နိုင်ငံ၏ အမွေအနှစ် သဘာဝသယံဇာတများအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်သုံးစွဲရာ၌ ခွဲဝေခံစားသည့် သဘောတူစာချုပ်များ ရေးထိုးရာတွင်လည်း နိုင်ငံ့အတွက် နစ်နာမှုများမရှိစေရန်နှင့် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့်အညီဖြစ်စေရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် သဘောတူစာချုပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှ ၂ဝ ရက်အထိ ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသား စာရင်းစစ်များအနေဖြင့် စာချုပ်ပါ အကြောင်းအရာများ၊ နိုင်ငံတကာ အတွေ့အကြုံများ၊ အလေးထားဂရုပြုသင့်သည့် နယ်ပယ်များ၊ အစိုးရဌာနအဖွဲ့အစည်းအချင်းချင်း လုပ်ငန်း ဆက်နွှယ် ဆောင်ရွက်ပုံများကို သိရှိရခြင်းဖြင့် လက်တွေ့စစ်ဆေးရေးလုပ်ငန်းတွင် အထောက်အကူ ရရှိစေမည်ဖြစ်သည်။
''ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တု ကဏ္ဍများမှာရှိတဲ့ ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲ သုံးစွဲမှုနဲ့စပ်လျဉ်းလို့ စွမ်းဆောင်ရည်ပြည့်ဝမှု မရှိခြင်း၊ လေလွင့်ဆုံးရှုံးခြင်းတွေကို စစ်ဆေး ဖော်ထုတ်လာနိုင်စေခြင်း၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ သတ္တုကဏ္ဍတွေကို လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းဖြင့် အရေးပါတဲ့ လူမှုရေး၊ နိုင်ငံရေးနဲ့စီးပွားရေးရာ ကိစ္စရပ် တွေကိုပါ အာရုံစူးစိုက်ဆောင်ရွက်ရတဲ့အတွက် အများပြည်သူအကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ပေးနိုင်မှာဖြစ်ပါတယ်''ဟု အငြိမ်းစား စာရင်းစစ်တစ်ဦးက ၎င်း၏အမြင်ကိုထုတ်ဖော် ပြောကြားသည်။
ထို့အတူ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ အစိုးရကဏ္ဍ ဝယ်ယူမှုအတွက် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၌ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
''ဒီလိုအလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ပေးတဲ့အတွက် အစိုးရကဏ္ဍဝယ်ယူမှုအပိုင်းကို Pilot Audit ဆောင်ရွက်ခြင်းဖြင့် ပစ္စည်းဝယ်ယူမှု လုပ်ငန်းစဉ်တစ်ခုလုံးကို ပွင့်လင်းမြင်သာမှုရှိစေဖို့အတွက် မီးမောင်းထိုးပြနိုင်ပြီး တင်ဒါခေါ်ယူမှု၊ တင်ဒါရွေးချယ်မှု၊ စာချုပ်ချုပ်ဆိုမှု၊ ငွေပေးချေမှု၊ ပစ္စည်းအရည်အသွေး မှန်ကန်မှု စိစစ်ခြင်းစတဲ့ လုပ်ငန်းစဉ်အားလုံးကို စနစ်တကျစစ်ဆေးနိုင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများ အားကောင်းလာစေနိုင်မှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦးက ပြောသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်း စွမ်းဆောင်ရည်တိုးမြင့်စေရန် အာရှဖွံ့ဖြိုးရေး ဘဏ်(ADB) နှင့်ပူးပေါင်း၍ ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော် ၌ ၂ဝ၁၆ ခုနှစ် ဇူလိုင် ၂ဝ ရက်မှ သြဂုတ် ၅ ရက်အထိ ပြုလုပ်ခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၌ ADB အထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းနှစ်ခုကို လက်တွေ့စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
''ဒီလို ADB Project တွေကို ADB Guideline နဲ့ Pilot Audit စစ်ဆေးဆောင်ရွက်မှုတွေဟာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ ပုံမှန်လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ကွဲပြားစွာပြောင်းလဲဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း စဉ်များဖြစ်တဲ့အတွက် နိုင်ငံတကာစာရင်းစစ် စံနဲ့အညီ စစ်ဆေးခြင်းအတွေ့အကြုံများနဲ့ ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်ပေါ်လာစေပါတယ်။ စာရင်းစစ်များရဲ့ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုက်နာကျင့်သုံးစေဖို့ ပိုမိုဂရုပြုလာစေနိုင် သလိုပဲ ကျိုးကြောင်းဆီလျော်တဲ့ စစ်ဆေးရေး အစီအစဉ်တွေကို ရေးဆွဲလာနိုင်ခြင်း၊ စစ်ဆေး တွေ့ရှိချက်တွေကို ရှုထောင့်စုံမှနေပြီး စိစစ်အကဲဖြတ်မှုများပါဝင်တဲ့ ဝေဖန်သုံးသပ်မှု အားကောင်းလာခြင်း၊ ဘဏ္ဍာရေးရှင်းတမ်း တွေအပေါ်မှာ ခြုံငုံသုံးသပ်မှုပြုလုပ်လာနိုင်ခြင်းစတဲ့ အလေ့အကျင့်ကောင်းတွေနဲ့ စစ်ဆေး ရေးလုပ်ငန်းကို စွမ်းဆောင်ရည်မြှင့်တင်သွားနိုင်မှာ ဖြစ်ပါတယ်''ဟု ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦးက ပြောသည်။
တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများကြောင့် တိုးတက်လာမည့် အခြေအနေကို မျှော်မှန်းပြီး စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများ များစွာလိုအပ်လာမည့် အခြေအနေ ရှိသဖြင့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်း၊ ဝင်ပေါက်များ၏ ကန့်သတ်ချက်များဖြေလျှော့၍ ဝင်ပေါက်များတိုးချဲ့ကာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည်။
ယခင်လက်မှတ်ရ ပြည်သူ့စာရင်းကိုင် သင်တန်းသို့ စီးပွားရေးတက္ကသိုလ်များမှ B.com ဘွဲ့ရ၊ အမှတ်များသူ Fresh Graduate များကိုသာ တက်ခွင့်ပြုသည့်စနစ်မှ ဝင်ပေါက်ချဲ့ထွင်ပေးသည့်အနေဖြင့် သင်တန်း အမှတ်စဉ်(၄၂)တွင် B.com, B.Act, BBA ဘွဲ့ နောက်ဆုံးနှစ်စာမေးပွဲတွင် မဟာတန်း တက်ခွင့်ရသူ Fresh Graduate များနှင့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) ထူးချွန်စွာ အောင်မြင်သူများကို တိုက်ရိုက်တက်ရောက် ခွင့်ပေးခဲ့ပြီး ဘွဲ့တစ်ခုခုရရှိသူများကို ဝင်ခွင့်စာမေးပွဲဖြင့်ရွေးချယ်ပြီး သင်တန်းတက် ရောက်ခွင့်ပြုခဲ့သည်။
မကြာမီဖွင့်လှစ်မည့် လက်မှတ်ရပြည်သူ့ စာရင်းကိုင် သင်တန်းအမှတ်စဉ်(၄၃)တွင် နှစ် ကန့်သတ်ချက်မရှိဘဲ B.com, B.Act, BBA ဘွဲ့ရများ ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) စာမေးပွဲအောင်မြင်သူများ၊ ဘွဲ့တစ်ခုခုရရှိပြီး ACCA Fundamental Skills Level ပြီးစီးသူများနှင့် CIMA Mangement Level ပြီးစီးသူများအား တိုက်ရိုက်တက်ရောက်ခွင့် ပြုမည့်အပြင် မည်သည့်နှစ်မှာမဆို အောင်မြင်ထားသည့် ဘွဲ့တစ်ခုခုရရှိသူများကိုလည်း ဝင်ခွင့်ဖြေဆိုပြီး တက်ရောက်ခွင့်ပြုရန် စီစဉ်ထားကြောင်း သိရသည်။
ယခင်က ဒီပလိုမာစာရင်းကိုင်သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြင့်ရွေးချယ်တက် ရောက်ခဲ့သော်လည်း လာမည့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှစ၍ ဝင်ခွင့်စာမေးပွဲ ကျင်းပခြင်းမပြုလုပ်တော့ဘဲ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူများသည် ဒီပလိုမာစာရင်းကိုင်သင်တန်းသို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်းနှင့် ဒီပလိုမာစာရင်းကိုင်သင်တန်းများ ဖွင့်လှစ်သည့် သင်တန်းကျောင်းများ၌ မြန်မာနိုင်ငံ စာရင်းကောင်စီမှဖွင့်လှစ်သည့် ကျောင်းများသာ ယခင်ကရှိသော်လည်း ပြောင်းလဲမှုအရ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများ ကိုလည်း မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေအရ ဖွင့်လှစ်ခွင့်ပြုသွားရန် စီစဉ်လျက်ရှိသည်။ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများနှင့် သင်တန်းဆရာများကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခွင့်ပြုရန် စီမံဆောင်ရွက်လျက်ရှိသည်။
''ဒီသင်တန်းတွေကို အရင်က မြန်မာနိုင်ငံ စာရင်းကောင်စီကဖွင့်လှစ်တဲ့ သင်တန်းကျောင်းတွေမှာပဲ တက်ရောက်ခွင့် ရရှိခဲ့ပေမယ့် အခု မြန်မာနိုင်ငံစာရင်းကောင်စီက ဖွင့်လှစ်ခွင့်ပြုတဲ့ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း တွေမှာ တက်ရောက်နိုင်တဲ့ အခွင့်အလမ်း တွေရရှိလာသလို နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမယ့် အရည်အချင်းပြည့်မီတဲ့ စာရင်းပညာ ရှင်တွေနဲ့ စာရင်းကျွမ်းကျင်သူတွေ ပိုမိုတိုးပွား လာတဲ့အတွက်ရော၊ ပြောင်းလဲလာတဲ့ နိုင်ငံတော်အုပ်ချုပ်ပုံစနစ်နဲ့အညီ စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေကြေးပြုပြင် ပြောင်းလဲမှုတွေမှာ ကျရာကဏ္ဍမှ အလုပ်အကျွေးပြုနိုင်မှာ ဖြစ်တဲ့အတွက်ရော လွန်စွာဝမ်းမြောက်မိပါတယ်''ဟု စာရင်းကိုင်တစ်ဦးက ပြောသည်။
နိုင်ငံတွင်လုပ်ဆောင်သည့် ဆောင်ရွက်ချက်များသည် စာရင်းများ၌ မှန်တစ်ချပ်သဖွယ် ထင်ဟပ်ပေါ်လွင်နေသဖြင့် စာရင်းပညာရပ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအရေးပါသည်။ တိုင်းပြည်တွင် စာရင်းရှိရန်၊ စာရင်းမှန်ရန် အရေးကြီးသည်။ နိုင်ငံ့စာရင်းမှန်မှ တိုင်းပြည်မည်မျှ ဖွံ့ဖြိုးတိုးတက်သည်ကို အမှန်မြင်ရမည်ဖြစ်သည်။
စာရင်းမှန်မှ ရသင့်ရထိုက်သည့်အခွန်များရပြီး တိုင်းပြည်တိုးတက်မည်ဖြစ်သည်။ အစိုးရကဏ္ဍ စာရင်းမှန်ကန်ရေးကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အဓိကထားစစ်ဆေး၍ ပုဂ္ဂလိကကဏ္ဍ စာရင်းများမှန်ကန်ရေးကို မြန်မာနိုင်ငံ စာရင်းကောင်စီကလည်း ကိုယ်ပိုင်စာရင်းလုပ်ငန်း လုပ်ကိုင်သူများကို ကြီးကြပ်ခြင်းမှတစ်ဆင့် ဆောင်ရွက်လျက်ရှိ သည်။ ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်းပြီး နိုင်ငံတကာစံများနှင့်အညီ လိုက်နာ ဆောင်ရွက်သည့် စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများ ပိုမိုပေါ်ထွန်းလာရန်လည်း လိုအပ်သည်။
ပုဂ္ဂလိကကဏ္ဍတွင် နိုင်ငံတကာစာရင်းစံနှင့်အညီ လိုက်နာပြီး အစီရင်ခံနိုင်ရန် မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရသူများအသင်းတို့ကလည်း စဉ်ဆက်မပြတ် ပညာရည်တိုးတက်မှု လစဉ် ဟောပြောပွဲများ၌ နိုင်ငံတကာစာရင်းစံ များ၊ နိုင်ငံတကာစာရင်းစစ်စံများကိုလည်း တင်ပြလျက်ရှိသည်။
ဂျာမန်နည်းပညာ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(GIZ)နှင့်ပူးပေါင်း၍ ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံတကာစာရင်းစံများ ကျင့်သုံးနိုင်ရေးအတွက် လေ့လာမှုများပြုလုပ်လျက်ရှိသည်။ လေ့လာမှုပြုရာမှာ Pilot Bank (အစမ်းဘဏ် သုံးခု) ရွေးချယ်ပြီး စမ်းသပ်ကျင့်သုံးနေသည်။ ပုဂ္ဂလိကကဏ္ဍတွင် နိုင်ငံတကာ စာရင်းစံများ ကျင့်သုံးမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကလည်း ကနဦးဆန်းစစ်လေ့လာမှု (Survey) ပြုလုပ် ခဲ့ရာမှာ ကုမ္ပဏီများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများကို Sampling Method ဖြင့် ရွေးချယ်ကာ ဆန်းစစ်လေ့လာ၍ စိစစ်သုံးသပ်မှုများ ပြုလုပ်ခဲ့ပါသည်။ လေ့လာမှုများအရ နိုင်ငံတကာစာရင်းစံကို ၆ဝ ရာခိုင်နှုန်းအထိ လိုက်နာဆောင်ရွက်နေကြောင်း တွေ့ရှိရသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် နိုင်ငံပိုင်ကဏ္ဍ၌ နိုင်ငံတကာစာရင်းစံများ IPSAS နှင့်အညီ ဆောင်ရွက်ရန်အတွက် ကြီးမားသည်၊၊ ပြုပြင်ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။
အခြေခံအားဖြင့် အစိုးရငွေစာရင်း ထားနည်းစနစ်အား ငွေသားစီးဆင်းမှု အခြေခံ Cash Basis ဖြင့် စာရင်းပြုစုနေခြင်းမှ စေ့ရောက်မှုအခြေခံ Accrual Basis သို့ ပြောင်းနိုင်ရန်အတွက် ကနဦးဆောင်ရွက်ရန် လိုသည့်အချက်များအား ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ဆောင်ရွက်နေပါသည်။
အဆိုပါလုပ်ငန်းသည် အခြားနိုင်ငံများတွင် ကျင့်သုံးအကောင်အထည်ဖော်မှု အတွေ့အကြုံများကို လေ့လာ တွေ့ရှိမှုအရ အချိန်ယူဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ကြိုးပမ်း ဆောင်ရွက်မှုများသည် IPSAS နိုင်ငံတကာစာရင်းစံနှင့်အညီ အစိုးရငွေစာရင်းထားနည်းစနစ်အား ငွေသား စီးဆင်းမှု အခြေခံ Cash Basis ဖြင့် စာရင်းပြုစုနေခြင်းမှ စေ့ရောက်မှုအခြေခံ Accrual Basis သို့ ပြောင်းနိုင်မည့် လမ်းကြောင်းပေါ်သို့ရောက်ရှိအောင် တစ်စတစ်စ အချိန်ယူဆောင်ရွက်သွားရမည်ဖြစ်သည်။
အစိုးရဌာန၊ အဖွဲ့အစည်းများတွင် ဌာနတွင်းစာရင်းစစ်ရာထူးနေရာများကို တီထွင်ထားပြီး ၎င်းရာထူးနေရာများတွင် ခန့်ထားသည့် ဌာနတွင်းစာရင်းစစ်များအား စာရင်းစစ်ပညာများ တတ်မြောက်ကျွမ်းကျင်၍ စစ်ဆေးရေးလုပ်ငန်း ကျွမ်းကျင်မှုရှိစေရန် နေပြည်တော် သင်တန်းကျောင်းတွင် စာတွေ့အနေဖြင့် သင်တန်းများဖွင့်လှစ်သင်ကြားပေးကာ စစ်ဆေးရေးလုပ်ငန်းစဉ်အဆင့်ဆင့်အား လုပ် ငန်းခွင်တွင် လက်တွေ့သင်ကြားခြင်းအနေဖြင့် စစ်ဆေးရေးလုပ်ငန်း အတွေ့အကြုံများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်စစ်ဆေးရာတွင် လက်တွေ့မျှဝေသင်ကြားပေးခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်းများသည် ပြည်ပအစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ကြပြီး အရာထမ်းများနှင့် ဝန်ထမ်းများကိုလည်း အစည်းအဝေး၊ ဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေး နွေးပွဲများအပြင် သင်တန်းများသို့ပါ စဉ်ဆက်မပြတ် စေလွှတ်လျက်ရှိပါသည်။ ဝန်ထမ်းသုံးဦးတို့အား ပြည်ပတက္ကသိုလ် နှစ်ခုသို့ ဘွဲ့လွန်သင်တန်းများတက်ရောက်ရန် စေလွှတ် ထားရှိပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများသည် စစ်ဆေးရေးလုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခြင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ စာရင်း ပညာရှင်များနှင့် စာရင်းကျွမ်းကျင်သူများ ပိုမို ပေါ်ပေါက်လာစေရန် ဆောင်ရွက်ခြင်း၊ စစ်ဆေးရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံပြီး ပိုမိုတိုးတက်ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းကြောင့် စစ်ဆေးရေးကဏ္ဍ၊ စာရင်းကဏ္ဍတို့တွင် အကျိုး ကျေးဇူး ပိုမိုဖြစ်ထွန်းမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲ မှုများနှင့်အညီ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှုအပေါ် ပြည်သူများ၏မျှော်မှန်းချက်သည် ကြီးမားလာသည်။ ဌာနအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ပြည်သူတို့အတွက် အကျိုးသက်ရောက်မှုရှိစေရေးနှင့် ပြည်သူ့ ဘဏ္ဍာငွေစီမံခန့်ခွဲမှု ကောင်းမွန်လာစေရေးတို့အတွက် ''စစ်ဆေးခြင်းဖြင့် ပြည့်အကျိုး ဆောင်အံ့''ဆောင်ပုဒ်နှင့်အညီ ထိရောက်စွာ စစ်ဆေးဖော်ထုတ်နိုင်ခြင်းဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများအပေါ် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment