Thursday, March 16, 2017

ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးအတွက် ကားလမ်းတည်ဆောက်ရေးဆိုင်ရာကိစ္စများ ရှင်းလင်းဆွေးနွေး

ရန်ကုန်၊ မတ် ၁၆
နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အခြေအနေများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ အထူးစီးပွားရေးဇုန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စများအား ဆောင်ရွက်နိုင်ရန် ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့အပြင် သက်ဆိုင်ရာ အထူးစီးပွားရေးဇုန်များအလိုက် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းတာဝန်ပေးပြီးဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကိုလည်း
တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ပေးထားပါကြောင်း၊ အထူးစီးပွားရေးဇုန်များ အောင်မြင်ရေးအတွက် ဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အထူး စီးပွားရေး ဇုန်များ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ ကားလမ်းစီမံကိန်းသည် ထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်ရေးအတွက် အဓိကအရေးကြီးပါကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး အတွက် ကားလမ်းတည်ဆောက်ရေးနှင့် ပတ်သက်၍ JICA မှ ကျွမ်းကျင်သူများမှ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းတည့် (၁၂) နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ကမ်းနားလမ်းရှိ ကုန်သွယ်ရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ ကျင်းပရာတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ထိုကဲ့သို့ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ၊ JICA မှ Mr. Yutaka ARAKI က ထားဝယ်အထူး စီးပွားရေးဇုန်မှ မြန်မာ၊ ထိုင်းနယ်စပ်အထိ ကားလမ်းတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ PowerPoint များဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ သိရှိလိုသည်များအား မေးမြန်းကြရာ JICA မှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး  ဦးဖြိုးဝင်းထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ မှဒုဥက္ကဌနှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment