Thursday, March 16, 2017

ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကျင်းပ

နေပြည်တော် မတ် ၁၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော် သမ္မတရုံးမှပေးပို့သည့် တိုင်းဒေသကြီး၊ ပြည်နယ်များ အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ အမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းနှင့် နယ်နိမိတ် ဧရိယာ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၈ အရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
နိုင်ငံတော်သမ္မတရုံးမှ ပေးပို့သည့်စာတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာ အုပ်စုအတွင်းရှိ မောတောင်ဒေသအား ရပ်ကွက် ၃ ရပ်ကွက်ပါဝင်သော မောတောင်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းခြင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ်၌ ကျေးရွာအုပ်စု တစ်အုပ်စု တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်း၊ ပြည်ခရိုင် ပန်းတောင်း မြို့နယ်ရှိ ကျေးရွာအုပ်စု တစ်အုပ်စုနှင့် ကျေးရွာနှစ်ရွာ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် သာယာဝတီခရိုင် ကြို့ပင်ကောက် မြို့နယ် အောင်ပင်သာကျေးရွာအုပ်စုမှ လူသတ်ကုန်းကျေးရွာအား သပြေတန်းကျေးရွာ အဖြစ် အမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်း၊ ရှမ်းပြည်နယ် လင်းခေးခရိုင် လင်းခေးမြို့နယ် နောင်အောကျေးရွာအုပ်စုရှိ လုံမိုင်းကျေးရွာ တစ်ရွာတိုးချဲ့ ဖွဲ့စည်းခြင်းနှင့် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း မိုင်းဟန်ကျေးရွာအုပ်စုရှိ နားကောင်းမူကျေးရွာမြေ နယ်နိမိတ်ဧရိယာ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ်၌ ရပ်ကွက်တစ်ရပ်ကွက် တိုးချဲ့ဖွဲ့စည်း၍ ကျေးရွာအုပ်စုတစ်အုပ်စု နယ်နိမိတ်ဧရိယာပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ကျေးရွာတစ်ရွာ တိုးချဲ့ဖွဲ့စည်းခြင်းတို့ ပါဝင်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဖောင်းပြင် - ပင်လည်ဘူး ကားလမ်း ၂၉ မိုင်(လမ်းသစ်) အထူးပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ်သန်း ၅၅၇၅ ဒသမ ၀၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ငါန်းဇွန်မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ပင်လည်ဘူးမဲဆန္ဒနယ်မှ ဦးမင်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးညီညီထွေး(ခေါ်) ဦးကိုကိုလေး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၃)မှ ဦးဝင်းအောင်၊ ဘုတလင် မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၊ တောင်သာ မဲဆန္ဒ နယ်မှ ဦးစစ်အေး၊ လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဖောင်းပြင် မဲဆန္ဒနယ် ဦးထွန်းဝေ၊ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့်၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးလားလ်မင်းထန်နှင့် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင် တို့က ထောက်ခံ ဆွေးနွေးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးတင်မောင်ဝင်းက အထက်ချင်းတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ယခုဖောက်လုပ်မည့် လမ်းမှာ အရေးကြီးသည့်အတွက် မိမိအနေ ဖြင့် ထောက်ခံပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ယခုလမ်း သာမက ဆက်စပ်လမ်းများ ရာသီမ ရွေး သွားလာနိုင်သည့် လမ်းများအဖြစ် အဆင့်မြင့်တင်ပြီး လမ်းတံတားများကို ရေရှည်ခိုင်ခံ အောင်လည်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က ချင်းတွင်းမြစ် အထက်ပိုင်း၌ ခရီးသွားလာရေး အတွက် ရေလမ်း သာမက ကုန်းလမ်းမှပါ သွားလာနိုင်မည့် ယခုလမ်းဖောက်လုပ်ခြင်းကို ကြိုဆို ပါကြောင်း၊ အန္တရာယ်များသည့် ရေလမ်းခရီးကို အသုံးပြုနေရသည့် ပြည်သူများအတွက် ယခုကဲ့သို့ ဆောင်ရွက်သင့်ပါကြောင်း၊ လမ်းဖောက်လုပ်မှု အပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မည့်အပိုင်းအား တင်ပြရာတွင် ယခုထက် ပိုမိုတိကျ သေချာရန် လိုအပ်ပါကြောင်း၊ သို့မှသာ ပြည်သူ့ဘဏ္ဍာငွေများ ကုန်ကျသလောက် အရည်အသွေးကောင်းမွန်သော လမ်းများကို ရရှိမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထိုပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ် ဘီလီယံ ၃၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ဘောဂဗေဒ)၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဝင်းအောင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ပုလော မဲဆန္ဒနယ်မှ ဦးအုန်းခင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ဆိပ်ကြီး/ ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ မြို့သစ် မဲဆန္ဒနယ်မှ ဦးသာအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန် တို့က ထောက်ခံ ဆွေးနွေးကြသည်။
အလားတူ နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးရွာ ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်ရန် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၂၃ ဒသမ ၈၈၃ သန်း ချေးယူ ရန်ကိစ္စ နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ပဲခူးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ လှိုင်းဘွဲ့ မဲဆန္ဒနယ် မှ ဦးခင်ချို၊ တောင်ကြီး မဲဆန္ဒနယ်မှ ဒေါက်တာသန်းငွေ၊ ရွာငံ မဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေး တို့က ထောက်ခံ ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် ကမ္ဘာ့ဘဏ်၏ ချေးငွေအစီအစဉ် အောက်မှ Development Policy Operation(DPO) ချေးငွေအမေရိကန် ဒေါ်လာသန်း ၂၀၀ ချေးယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ဘောဂဗေဒ) ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖောင်းပြင် - ပင်လည်ဘူး ကားလမ်း ၂၉ မိုင်(လမ်းသစ်) အထူးပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်း များ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ်သန်း ၅၅၇၅ ဒသမ ၀၀ ခွဲဝေသုံးစွဲမည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယနေ့အစည်းအဝေး၌် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းများ ကို ၂၀၁၇ ခုနှစ် မတ် ၁၇ ရက်တွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို မတ်လ ၁၇ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

သူရဇော်(သတင်းစဉ်)

No comments:

Post a Comment