Thursday, March 16, 2017

ရေး-ခေါဇာလမ်းပေါ်ရှိတံတားကို ကွန်ကရစ်တံတားအဖြစ် တည်ဆောက်နေ

ရေး မတ် ၁၅
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရေး-ကလော့-ဟံဂံခေါဇာ လမ်းပေါ်ရှိ ဘေလီတံတားကို ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀၀ အကုန်အကျခံကာ ခေါဇာမြို့ လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိရာ မတ်လအတွင်း ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ခေါဇာမြို့ လမ်းဦးစီးဌာနမှ သိရသည်။
တံတားသည် အရှည် ပေ ၂၀၀၊ အကျယ် ပေ ၃၀ နှင့်ခွင့်ပြုတန်ချိန် ၆၀ ဖြစ်ပြီး ရေကင်းလွတ်ခွင့် ၁၇ ပေ ၆လက်မရှိကာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။ တံတားကို ဇန်နဝါရီလအတွင်းကစတင်တည်ဆောက်ခြင်းဖြစ်ပြီး ယခုအချိန်တွင် ၅၀ရာခိုင်နှုန်းခန့်သာ ပြီးစီးသေးကြောင်း၊ မတ်လအတွင်းရာနှုန်းပြည့်ပြီးစီးရန် တာဝန်ယူ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း ခေါဇာမြို့လမ်းဦးစီးဌာနမှ အင်ဂျင်နီယာ ဦးသိန်းထိုက်က ပြောသည်။
အဆိုပါတံတားသည် ယခင်က သစ်သားကြိုးတံတားဟောင်းဖြစ်ပြီး လက်ရှိ ဘေလီတံတားကို ၁၉၉၇ ခုနှစ်က နတလအစီအစဉ်ဖြင့် တည်ဆောက်ခဲ့ကြောင်း၊ ယခုအခါ သံကူကွန်ကရစ်တံတားအသစ်ကို နိုင်ငံတော်အစီအစဉ်ဖြင့် တည်ဆောက်ပေးခြင်းဖြစ်၍ ယခင်ကကဲ့သို့မိုးရာသီရောက်တိုင်း ရေကြီးရေလျှံကာ သွားလာရေးခက်ခဲမှုများမရှိတော့ဘဲ အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဦးခင်မောင်သောင်းက ပြောသည်။
အဆိုပါတံတားသည် ရေး-ကလော့-ဟံဂံ-ခေါဇာ လမ်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ လူဦးရေ နှစ်သောင်းကျော်၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ ရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် သာမက ကဗျာဝပင်လယ်ကမ်းခြေ ခရီးသွားလာရေးလုပ်ငန်း အတွက်လည်း အထောက်အကူပြုကာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ချိတ်ဆက်သွားလာနိုင်သည့် လမ်းပေါ်မှ တံတားဖြစ်ကြောင်းလည်း သိရသည်။

နေမျိုးထွဋ်(ရေး)

No comments:

Post a Comment