Wednesday, March 15, 2017

ဒီမိုကရေစီကျင့်စဉ်များ ရှင်သန်ရင့်ကျက်ပြီး ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်သွားရန် အသင့်ဖြစ်နေသည့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့



(ဖိုးသက်)
အစိုးရသစ်၏ တစ်နှစ်တာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှုများကို သိရှိနိုင်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်အား တွေ့ဆုံ မေးမြန်းခဲ့ပါသည်။




မေး။ ။ စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်နှစ်တာအတွင်း ကြုံတွေ့ခဲ့ရတဲ့အခက်အခဲ တွေ၊ စိန်ခေါ်မှုတွေကို သိချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်တို့အစိုးရအဖွဲ့ စတင် တာဝန်ထမ်းဆောင်စမှာပဲ လေပြင်းတိုက်၊ မိုးသီးကြွေ၊ ရေကြီးရေလျှံ စတဲ့ ဘေးအန္တရာယ် တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ငလျင်လှုပ်တော့လည်း နည်းနည်းပါလိုက်သေးတယ်။ တစ်နိုင်ငံလုံးက သတိထားစောင့်ကြည့်ခဲ့ရတဲ့ မုံရွာမြို့ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကိုလည်း စည်းရုံးစွမ်းဆောင်မှုတွေနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ပြင်းထန်ဝက်သက်နှင့် ရေယာဉ်တိမ်းမှောက်မှု
နာဂဒေသမှာဖြစ်ပွားခဲ့တဲ့ ပြင်းထန် ဝက်သက်ရောဂါဟာလည်း ကျွန်တော်တို့ အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ချင်းတွင်းမြစ် ကြောင်းမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင် အမြန်ရေယာဉ်တိမ်းမှောက်မှုဖြစ်စဉ် ဖြစ်ပွား ခဲ့ပါတယ်။ ဒီလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှု၊ ကူညီပံ့ပိုးမှုတွေနဲ့ တိုင်းဒေသကြီးမှာရှိတဲ့ ဌာနဆိုင်ရာ/အဖွဲ့အစည်း တွေမှ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ စေတနာရှင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတွေကြောင့် ပုံမှန်အခြေအနေကို အမြန်ဆုံးပြန်လည်ရောက် ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါတွေကို ပြောပြနေတာက ကျွန်တော်တို့ အစိုးရတက်လာပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ဘာတွေပြောင်းလဲလာပြီလဲ၊ ဘာတွေလုပ် ပြီးပြီလဲလို့ သိချင်နေကြတာတွေကို ရှင်းပြဖို့ ပဏာမ အကြမ်းဖျင်းအခြေအနေတွေပဲ ဖြစ်ပါတယ်။ ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော် ပြီး ပြည်သူတစ်ရပ်လုံးကဝန်းရံပြီး တင်မြှောက် ပေးလိုက်တဲ့ အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတော်ကို ဘက်စုံတိုးတက်အောင် ပြုပြင်ပြောင်းလဲဖို့ Vision, Mission, Plan တွေ ရှိထားပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့ ပြုပြင် ပြောင်းလဲရာမှာ ပကတိတွေ့ကြုံရတဲ့ အခြေ အနေတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် ဝေဖန်သုံးသပ်ပြီး အများစုဆန္ဒနဲ့ ကိုက်ညီအောင် ကြိုးပမ်းဆောင်ရွက်ရတာတွေ၊ ပြုပြင်ပြောင်းလဲရတာတွေ ရှိပါတယ်။
တွန်းတွန်းတိုက်တိုက်
မေး။ ။ အခုအချိန်အထိ ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံတွေအပေါ် ဝန်ကြီးချုပ်ရဲ့အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ ပြောင်းလဲမှုဆိုရာမှာ အလိုက်သင့် လိုက်ပါပြောင်းလဲရတာရှိသလို တော်လှန် တဲ့သဘော ဆန့်ကျင်ဘက်ပြောင်းလဲရတာ တွေ၊ တွန်းတွန်းတိုက်တိုက် လုပ်ယူရတာတွေ ကိုယ်တိုင်စံနမူနာပြလုပ်ရတာတွေ စသည်ဖြင့် ဆောင်ရွက်ရတာရှိသလို အခြားသူတွေကိုလည်း ပြောင်းလဲမှုမှာ ပူးပေါင်းပါဝင်လာအောင် စိတ်ရှည်ရှည်နဲ့ စည်းရုံးဆောင်ရွက်ရတာတွေ ရှိပါတယ်။လက်ရှိအခြေအနေမှာ ပြုပြင် ပြောင်းလဲမှုနဲ့စပ်လျဉ်းပြီး ခြုံငုံသုံးသပ်ပြောရ မယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးမှာ အကောင်းဘက်ကိုရှေးရှုတဲ့ ပြောင်းလဲမှုတွေ ရှိသလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ့်သမိုင်းကိုယ် ရေးကြတာဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။
ဘေးထွက်ဆိုးကျိုး
မေး။ ။ ဘေးထွက်ဆိုးကျိုးဆိုတာကို ဥပမာလေးနဲ့ နည်းနည်းလောက် ရှင်းပြနိုင် မလား ခင်ဗျာ။
ဖြေ။ ။ ဘေးထွက်ဆိုးကျိုးဆိုတာက ကျွန်တော်တို့အစိုးရက သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းချင်တယ်။ ပြည်သူလူထုရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စနစ်တကျနဲ့လုပ်ပေးချင်တယ်။ ဒီတော့ သစ်တောတွေကို ပိတ်တယ်။ တရားမဝင် ရွှေတူး နေတာတွေကို ပိတ်တယ်။ ဒီအခါမှာ ပြည်သူ လူထုတွေ အလုပ်လက်မဲ့ဖြစ်ကုန်ပါပြီ၊ ငတ် ကုန်ပါပြီလို့ အော်ကြတယ်။ တကယ်တော့ ကျွန်တော်တို့က ပြည်သူ့အစိုးရ၊ ပြည်သူ့အခြေ အနေကို မပြတ်ကြည့်တယ်။ ကျွန်တော်တို့ကို အားပေးတဲ့လူတွေ အောက်ခြေပြည်သူလူထုထဲမှာ အများကြီးရှိတယ်။ တရားခံကတော့ ဝိသမလောဘသမားတွေပါပဲ။ သူတို့အကျိုး စီးပွားအတွက် ဥပဒေကိုချိုးဖောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရင်း ဘေးထွက်ဆိုးကျိုး တွေဖြစ်ပေါ်လာရတာပါ။ ဒါက ဥပမာ တစ်ခုပါပဲ။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြေယာ စီမံခန့်ခွဲရေး၊ ဝန်ထမ်းရေးရာစသည်ဖြင့် ကဏ္ဍတိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ဘေးထွက်ဆိုးကျိုးတွေနဲ့လည်း တွေ့ကြုံရပါတယ်။ ဒါတွေကို စနစ်တကျဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ စီမံဆောင်ရွက်လျက်ရှိတယ်။
စိန်ခေါ်မှုများ
မေး။ ။ အခြားစိန်ခေါ်မှုတွေရှိတယ် ဆိုရင်လည်း သိချင်ပါတယ်ခင်ဗျာ။
ဖြေ။ ။ နိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးတည်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အဓိကအရေးအကြီးဆုံး ဦးစားပေးကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တိုက်ပွဲသံတွေမကြားရလို့ နယ်မြေ တည်ငြိမ်အေးချမ်းတယ်လို့ ယူဆနိုင်သော်လည်း မူးယစ်ဆေးဝါးမှု၊ တရားမဝင်သစ် ထုတ်လုပ်မှု၊ တရားမဝင်သတ္တုသယံဇာတ ရှာဖွေတူးဖော်မှုတွေဟာ နယ်မြေတည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်း စဉ်တွေအပေါ်မှာ စိန်ခေါ်မှုတွေဖြစ်ပါတယ်။
ခွင့်ပြုချက်မဲ့ ငါးမွေးကန်
မေး။ ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝဘေးစီမံခန့်ခွဲမှုနဲ့စပ်လျဉ်းလို့ ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာ ပြောပြပေးစေ လိုပါတယ်ခင်ဗျာ။
ဖြေ။ ။ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုတွေကို လေ့လာကြည့်မယ်ဆိုရင် သဘာဝတရားကြောင့် မလွှဲမရှောင်သာဖြစ် ပွားရသလို လူတို့ရဲ့ဆင်ခြင်မှုကင်းမဲ့မှုတွေကြောင့်လည်း ဖြစ်ပွားရတာကို တွေ့ရမှာဖြစ်ပါတယ်။ ရေကြီးရေလျှံမှုတွေကို လေ့လာကြည့် မယ်ဆိုရင် ရေဝပ်ဧရိယာဧက မြောက်မြားစွာကို ခွင့်ပြုချက်မဲ့ ငါးမွေးကန်တွေအဖြစ် တရားမဝင် ဆောင်ရွက်ထားတာကြောင့်ဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
ရာသီဥတု ဖောက်ပြန်မှုတွေဟာလည်း သစ်တောတွေကို စည်းကမ်းမဲ့စွာ တရားမဝင် ခုတ်ယူကြတာကြောင့်ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ မြစ်ချောင်းတွေ တိမ်ကောရတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရင် တရားမဝင်သတ္တုတူးဖော်မှုတွေကနေ စွန့်ပစ် မြေစာတွေကြောင့်ဖြစ်တယ်ဆိုတာကို တွေ့ မြင်ကြမှာဖြစ်ပါတယ်။ ဒါတွင်မက သတ္တုသန့်စင်ရာမှာ အသုံးပြုတဲ့ ပြဒါး/အက်စစ်တွေကို စည်းကမ်းမဲ့သုံးစွဲမှုတွေကြောင့် သဘာဝ မြေဆီလွှာပျက်စီးတဲ့အပြင် ရေနေသတ္တဝါတွေ သေကျေပျက်စီးရပြီး ရေကောင်းရေသန့် ရရှိနိုင်မှုကိုလည်း များစွာထိခိုက်နေရပြီ ဖြစ်ပါတယ်။
ရေဝပ်ဧရိယာများ
ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်တွေကို အဓိကဦးစားပေး လုပ်ငန်းတွေအဖြစ် ဦးတည်ဆောင်ရွက်လျက် ရှိပါတယ်။ တရားမဝင်ငါးကန်တွေ ဖျက်သိမ်းပြီး ရေဝပ်ဧရိယာတွေ ပြန်ပေးရပါမယ်။ သစ်တောတွေ ထိန်းသိမ်းရေးကိုဆောင်ရွက်ဖို့အတွက် နိုင်ငံတော်ရဲ့မူဝါဒအရ သစ်ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းထားပါတယ်။ လက်ကိုင် စက်လွှထိန်းချုပ်ရေးအဖွဲ့တွေကို ဖွဲ့စည်းပြီး စစ်ဆေးအရေးယူမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။
တရားမဝင်သစ် သယ်ယူပို့ဆောင်မှုတွေကို ထိထိရောက်ရောက်ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ ပြည်သူလူထုက သတင်းပေးတိုင်ကြားမှုတွေလည်း ပိုမိုများပြားလာသလို ဖမ်းဆီးရမိမှုတွေလည်း ရှိခဲ့ပါတယ်။ တရားမဝင်သစ်ဖမ်းဆီးမှုမှာ ဝန်ထမ်းတွေ အသက်ဆုံးရှုံးမှုရှိခဲ့ကြောင်း ဝမ်းနည်းဖွယ်တွေ့ရှိရပါတယ်။ ဒီလို အသက်စွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေရှိသလို မှောင်ခိုစီးပွားရေးသမားတွေနဲ့ ပေါင်းပြီး သစ္စာမဲ့စွာဆောင်ရွက်နေသူတွေလည်း ရှိနေသေးတာကြောင့် သတင်းအတိအကျပေးသော်လည်း ဖမ်းဆီးရမိနိုင်ခြင်းမရှိတဲ့ အခြေအနေတွေလည်း တွေ့နေရပါတယ်။
သတ္တုကုမ္ပဏီများ
ဒီလို မသမာမှုတွေကို ထိထိရောက်ရောက် နဲ့ ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ပါ တယ်။ သတ္တုတူးဖော်မှုတွေကို ဥပဒေစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက် စေရေး စောင့်ကြပ်ကြည့်ရှုလျက်ရှိသလို EIA /SIA နဲ့ စပ်လျဉ်းပြီးတော့လည်း ဆန်းစစ် ဆောင်ရွက်လျက်ရှိပါတယ်။ သတ္တုကုမ္ပဏီ တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ CSR ဆောင်ရွက်ပေးမှုအခြေအနေတွေကိုလည်း ပြန်လည်စိစစ်သုံးသပ်သွားမှာဖြစ်ပါတယ်။
ရွှံ့ညွန်များဖုံးလွှမ်း
ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန်ယူခါစမှာ သဘာဝဘေးတွေဖြစ်ပွားခဲ့လို့ ထူးခြားဆောင်ရွက်ပေးမှုအခြအနေတွေကို အနည်းငယ် တင်ပြလိုပါတယ်။ အဲဒါတွေက ၂ဝ၁၆ ခုနှစ် ဧပြီလနဲ့ ဇွန်လအတွင်း မိုးများသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် တောင်ကျချောင်း များမှတစ်ဆင့် ရွှံ့ညွန်များဖုံးလွှမ်းသွားပြီး လယ် ယာ၊ ချောင်းမြောင်း၊ ရေတွင်းရေကန် ပျက်စီး ဆုံးရှုံးမှုတွေ ကလေးဒေသမှာ ဖြစ်ပေါ်ခဲ့ပါ တယ်။ ဒီအခြေအနေမှာ အရေးပေါ်ကယ်ဆယ် ရေးလုပ်ငန်းတွေအပြင် အဓိကပြန်လည် ထူထောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ လယ်ယာ မြေပြုပြင်ခြင်း (၆၁၆၈)ဧက၊ မြောင်းများပြုပြင် ခြင်းမှာ မြေကျင်းပေါင်း တစ်သိန်းခွဲကျော်နဲ့ ချောင်းများ ရေစီးရေလာကောင်းမွန်အောင် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊INGO များ၊ NGO များ၊ စေတနာရှင်များအကူအညီနဲ့ အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ရေကြီးရေလျှံ
နောက် ၂ဝ၁၆ ခုနှစ် မေလမှ ဇွန်လ အတွင်း မိုးသီးကြွေ၊ လေပြင်းတိုက်လို့ ပျက်စီး ဆုံးရှုံးမှုများနဲ့ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ ငွေကျပ် ၁၆၅၂ ဒသမ ၄၆၁ သန်းကို ပြည်သူလူထုထံ မှန်မှန်ကန်ကန်နဲ့ အမြန်ဆုံးရောက်ရှိစေရေး ဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂ဝ၁၆ ခုနှစ် မေလအတွင်း မုံရွာမြို့မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ နစ်နာခဲ့တဲ့ မွေးမြူရေးလုပ်ငန်းရှင် ၉၈ ဦးအတွက် ငွေကျပ် ၆၆၁ ဒသမ ၉၂၂ သန်းကို နိုင်ငံတော်မှပံ့ပိုးကူညီမှုအပေါ် စနစ်တကျ ရှိစေရေး စီမံဆောင်ရွက်ပေးခဲ့ပါတယ်။
မြေငလျင်လှုပ်ခတ်
၂ဝ၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်ခန့်မှာ အင်အား ၆ ဒသမ ၈ ခန့်ရှိတဲ့ မြေငလျင်တစ်ခုဟာ ချောက်မြို့ရဲ့ အနောက်ဘက် ၁၆ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့အတွက်ကြောင့် မြောင်မြို့နယ်ရှိ ရှေးဟောင်းစေတီတော်များ အနည်းငယ် ထိခိုက်ပျက်စီးမှုကိုလည်း အမြန်ပြန်လည် ပြုပြင်မွမ်းမံနိုင်ရန် တပ်မတော်နဲ့ စေတနာရှင် များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။
နောက်ပြီး မြစ်ချောင်းများ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကိုကာကွယ်နိုင်ဖို့ ပြည်ထောင်စုက ထောက်ပံ့မှုတွေအပြင် တိုင်းဒေသကြီးရန်ပုံငွေမှ ငွေကျပ် ၅ ဒသမ ၁၁ဝ ဘီလီယံကျော် ကျခံသုံးစွဲပြီး မြေထိန်းနံရံများ၊ ရေကာတန်းများ ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ပညာပေးစခန်း
ဒီလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်တွေကို ဆောင်ရွက်နေသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း တွေကိုလည်း ဦးတည်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ထမံသီ၊ ပင်လည်ဘူး၊ မဟာ မြိုင်၊ ချပ်သင်း၊ အလောင်းတော်ကဿပ စတဲ့ သစ်တောကြီးများနဲ့ တောရိုင်းတိရစ္ဆာန်ထိန်း သိမ်းရေးလုပ်ငန်းတွေကို စီမံချက်ချ ဆောင် ရွက်နေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ် ခင်ပြီး စနစ်တကျထိန်းသိမ်းတတ်တဲ့ အလေ့ အကျင့်တွေရရှိအောင် ပညာပေးစခန်းများ တည်ဆောက်ခြင်းများအပြင် သဘာဝခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးအောင်လည်း စီမံဆောင် ရွက်လျက်ရှိပါတယ်။
မေး။ ။ အရင်အစိုးရထံကနေ လွှဲပြောင်း လက်ခံခဲ့တဲ့ စီမံကိန်းလုပ်ငန်းတွေနဲ့ ရန်ပုံငွေ တွေအပေါ် ဆက်လက်စီမံခန့်ခွဲတဲ့ အခြေ အနေတွေကိုလည်း သိလိုပါတယ်။
ဖြေ။ ။ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အရင်အစိုးရထံကနေ လွှဲပြောင်းလက်ခံတဲ့ ရန်ပုံငွေအစီအစဉ်မှာ ပါရှိတဲ့လုပ်ငန်းများကို စီမံကိန်းတွေကို ပြန်လည်သုံးသပ်စိစစ်ပြီး လတ်တလော မလို အပ်သေးတဲ့လုပ်ငန်းများကို ရပ်ဆိုင်းလိုက် တဲ့အတွက် ငွေကျပ် ၈၃၅၂ ဒသမ ၁၈၉ သန်း ပြန်ရလာပါတယ်။ ဒါ့အပြင် တင်ဒါတွေ စနစ် တကျ ခေါ်ယူခဲ့ရာမှာ ပိုလျှံငွေကျပ် ၄၂၈၄ ဒသမ ၉၄၃ သန်း ထွက်ရှိလာပါတယ်။ ဌာန အသီးသီးရဲ့ စိစစ်သုံးစွဲမှုများကြောင့် ပထမအကြိမ်ပိုလျှံရန်ပုံငွေပြန်အပ်သည့် ၁၄၃၃ ဒသမ ၁၂၅ သန်းဖြစ်လို့ စုစုပေါင်းကျပ် ၁၄ ဘီလီယံကျော်ကို ဒေသဖွံ့ဖြိုးရေးအတွက် အမြန်ဆုံးနဲ့ ထိထိရောက်ရောက်အကျိုးပြု နိုင်တဲ့လုပ်ငန်းများကို ပြောင်းလဲဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။
အဆင့်မြင့်လယ်ဧက ၅ဝဝ နှင့် မြေလွတ်မြေရိုင်း လယ်ဧက ၁ဝဝဝ ဖော်ထုတ်
ဒီလိုဆောင်ရွက်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ထောင်စုမှရန်ပုံငွေကျပ် ၁ ဒသမ ၇၈၈ ဘီလီယံနဲ့ တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၅ ဒသမ ၆၃၉ ဘီလီယံ၊ စုစုပေါင်း ကျပ် ၇ ဒသမ ၄၂၇ ဘီလီယံသုံးစွဲပြီး ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ အဆင့်မြင့် လယ်ဧက ၅ဝဝ နဲ့ မြေလွတ်မြေရိုင်းမှ လယ် ဧက ၁ဝဝဝ ကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။
လမ်းတံတားတွေအသစ်ဖောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များအတွက် ပြည်ထောင်စုမှရန်ပုံငွေ ၄ဝ ဒသမ ၉၉၂ ဘီလီယံကျော်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေ ၈၁ ဒသမ ၈၁၁ ဘီလီယံကျော် စုစုပေါင်း ကျပ် ၁၂၂ ဘီလီယံ ကျော် အကုန်အကျခံဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။
ဒါ့အပြင် ချင်းတွင်းမြစ်အထက်ပိုင်းဒေသ တွေအနေနဲ့ ရေလမ်းကြောင်းကိုသာ အဓိက အားထားပြီးသွားလာနေရာကနေ ကားလမ်း နဲ့ ရာသီမရွေးသွားလာနိုင်ဖို့ ဖောင်းပြင်-ပင်လည်ဘူးလမ်းအသစ်ပိုင်း ၂၉ မိုင်ကို အဆင့်မြှင့်တင်ဖို့ နိုင်ငံတော်သမ္မတရဲ့ သီးသန့် ရန်ပုံငွေကနေ ကျပ် ၅ ဒသမ ၅၇၅ ဘီလီယံ ထောက်ပံ့ငွေရရှိရေး တင်ပြဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။
ပြည်သူတွေ လျှပ်စစ်မီးရရှိသုံးစွဲနိုင်မှသာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ အဘက်ဘက် က ဘက်စုံဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ဆောင်ရွက်ရာမှာ တိုင်း ဒေသကြီးရန်ပုံငွေကနေ ကျပ် ၁ဝ ဒသမ ၅၆၆ ဘီလီယံ သုံးစွဲနိုင်ခဲ့ပါတယ်။
ကျေးဇူးဆပ်နိုင်
ဒီလို လယ်ယာမြေတွေ ဖော်ထုတ်ပေးခြင်း၊ လမ်းကွန်ရက်တွေ ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခြင်း၊ လျှပ်စစ်မီးများ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းတို့ကြောင့် ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ထူးခြားတဲ့ အကျိုး ကျေးဇူးတွေကို ခံစားရရှိနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် အခြားစီမံကိန်းတွေကြောင့်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင် တာကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကျေးဇူးဆပ်နိုင်ခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။
ကျွန်တော်တို့အစိုးရအဖွဲ့ဟာ ပြည်သူ့ အကျိုးစီးပွားကိုဖော်ဆောင်ဖို့၊ ပြည်သူကို အလုပ်အကျွေးပြုဖို့ စိတ်အားအလွန်ထက် သန်တာနဲ့အညီ တိုင်ကြားစာစိစစ်ရေး ကော်မတီကိုလည်း စနစ်တကျဖွဲ့စည်းဆောင် ရွက်လျက်ရှိပါတယ်။ ပြောင်းလဲမှုကို လိုလား တောင့်တနေတဲ့ ပြည်သူလူထုအနေနဲ့လည်း သတင်းပေးပို့မှုများစွာကို နည်းလမ်းပေါင်းစုံ မှ ဆောင်ရွက်ခွင့်ရရှိနေခြင်းသည်ပင်လျှင် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံအတိုင်း ပြောင်းလဲမှုရဲ့ ထင်သာမြင်သာတဲ့ ပြယုဂ်တစ်ခုပင်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
မြေယာကိစ္စ အလေးထား
မေး။ ။ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီရုံးဖွင့်ထားတာကိုတွေ့ရတဲ့အတွက် ဒီကမြေယာကိစ္စများနဲ့စပ်လျဉ်းပြီးတော့ အကြမ်းဖျင်းအခြေအနေလေး ပြောပြပေးစေ လိုပါတယ်ခင်ဗျာ။
ဖြေ။ ။ တိုင်ကြားစာတွေထဲမှာ အများဆုံး တိုင်ကြားတဲ့ အကြောင်းအရာကတော့ မြေယာကိစ္စတွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခေတ်စနစ်တစ်ခုမှာ မြေဧရိယာမြောက်မြားစွာကို လက်ဦးမှုရယူသိမ်းပိုက်ထားပြီး ဘယ်လုပ်ငန်းကိုမှ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိတာကြောင့် နိုင်ငံတော်အတွက်သော် လည်းကောင်း၊ မူလပိုင်ရှင်များ အတွက်သော် လည်းကောင်း၊ အခြားလုပ်ကိုင်လိုသူများ အတွက်သော်လည်းကောင်း ဆုံးရှုံးနစ်နာနေရတဲ့ မြေနေရာများ မြောက်မြားစွာရှိပါတယ်။
လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်နဲ့ မြေလွတ်မြေလပ်မြေရိုင်းများကို ရယူထားတဲ့ နည်းလမ်းအတိုင်း အသုံးမပြုခြင်းများဟာ ဥပဒေအရ အရေးယူဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားပြီးဖြစ်ပါ တယ်။ ဒီကိစ္စကို ကျွန်တော်တို့ အလွန်အလေး ထားပါတယ်။ အမှုတွဲတွေ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ပြီးပြတ်အောင် စနစ်တကျစီမံ ဆောင်ရွက်နေပါတယ်။
မေး။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောနိုင်ပါတယ်ခင်ဗျာ။
ဖြေ။ ။ ဒီမိုကရေစီရေချိန်နဲ့အတူ မီဒီယာကလည်း ထောက်ပြဝေဖန်မှုတွေ ပိုမို ရှိလာတဲ့အတွက် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစတဲ့ ဒီမိုကရေစီကျင့်စဉ်များ ရှင်သန်ရင့်ကျက်ပြီး ကျွန်တော်တို့ရဲ့ ပြောင်းလဲ မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ် ပါကြောင်း ဖြည့်စွက်ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment