Friday, December 9, 2016

Smartcard National Electronic ID (NeID) အထောက် အကူပြု စာရင်း ကောက်ယူခြင်း လုပ်ငန်း ရှေ့ပြေး စမ်းသပ် ဆောင်ရွက်



နေပြည်တော်- ဒီဇင်ဘာ ၈
နိုင်ငံတော်အစိုးရ၏ e-Government Master Plan တွင် လက်ရှိ နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား Smartcard အမျိုးသား အီလက်ထရောနစ် မှတ်ပုံတင် လုပ်ငန်းဖြင့် National Electronic ID (NeID) ပြောင်းလဲ ထုတ်ပေးရေး လုပ်ငန်းသည် အဓိက ဦးစားပေး လုပ်ငန်းတစ်ခု ဖြစ်သည်။ နိုင်ငံသား စိစစ်ရေး ကတ်ပြားအား NeID အဖြစ် ပြောင်းလဲ ထုတ်ပေးနိုင်ရေး အတွက် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနသည် လိုအပ်သည်များကို အသေးစိတ် လေ့လာ လုပ်ဆောင်လျက် ရှိသည်။

NeID လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အထောက် အကူပြု စာရင်းကောက်ယူခြင်းလုပ်ငန်း ရှေ့ပြေး စမ်းသပ် ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ရပ်ကွက်၊ ဗုဒ္ဓနုဂ္ဂဟ သာဿနာ့ဗိမ္မာန်၌ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင်၊ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးသောင်းဇော်၊ ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ယင်းလုပ်ငန်းစဉ်အား ပုဗ္ဗသီရိမြို့နယ်ရှိ ရပ်ကွက်များ အလိုက် စီမံချက်အရ လှည့်လည် ကွင်းဆင်း ဆောင်ရွက်မည် ဖြစ်သည်။
NeID အထောက်အကူပြု စာရင်း ကောက်ယူရာတွင် အိမ်ထောင်စုလူဦးရေ စာရင်းပါ အမည်နှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းအား ဓါတ်ပုံရိုက်ခြင်း၊ ကိုယ်ရေး အချက်အလက်များ ရေးသွင်းခြင်း တို့ကို ခေတ်မီ IT နည်းပညာများ အသုံးပြု၍ လုပ်ဆောင်သွားမည် ဖြစ်သည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်တွင်လည်း အလားတူစာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်မှုအပေါ် မူတည်၍ အားနည်းချက်၊ အားသာချက်များ ပြန်လည် ဆန်းစစ် လေ့လာ သုံးသပ်ပြီး လိုအပ်သည်များ ပြင်ဆင်ကာ နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၌လည်း NeID အထောက်အကူပြု စာရင်း ကောက်ယူခြင်း ရှေ့ပြေးစမ်းသပ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment