Thursday, December 8, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စစ်ဆင်ရေးတာဝန်ထမ်းစဉ် ထိခိုက်ဒဏ်ရာရခဲ့သည့် တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေး

နေပြည်တော် ဒီဇင်ဘာ ၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက လားရှိုးမြို့သို့ ရောက်ရှိ ကြသည်။
ရှေးဦးစွာ တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်က ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုး၊ ဖောင်းဆိုင်၊ ဟေမိုးလုံ၊ ကြူကုတ်(ပန်ဆိုင်း) နယ်မြေများသို့ နိုဝင်ဘာလအတွင်း KIA/TNLA/MNDAA/AA လက်နက်ကိုင် အဖွဲ့များ ပူးပေါင်း၍ အင်အားသုံးဝင်ရောက် တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းကို လုံခြုံမှုအပြည့်အဝရှိအောင် အမြန်ဆုံးဆောင်ရွက်ရန်၊ ကားလမ်းပေါ်၌ အရပ်ဝတ်ဖြင့် အရပ်သားအသွင်ယူပြီး လမ်းကြောင်းပိတ်ဆို့ခြင်း၊ နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခြင်း၊ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့များအား နယ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူ့စစ်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ သတင်းဖော်ထုတ်ရှင်းလင်းရေး၊ ဆုတ်ခွာသွားသူများ အား ထက်ကြပ်လိုက်လံ ရှင်းလင်း၍ အမြစ်ပြတ်ချေမှုန်းရေး၊ သတင်းလက်ဦးမှုရရှိရေး၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်များကို စစ်ရေးသတိဖြင့် စနစ်တကျလုပ်ဆောင်ရေးတို့ကို မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ရှေ့တန်းရောက် တပ်မတော်သားများနှင့် စစ်မြေပြင်၌ တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် တပ်မတော်သားများအတွက် စေတနာရှင် ပြည်သူများက အလှူငွေများနှင့် ပစ္စည်း များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ငွေကျပ်သိန်း ၇၃၀၊ မြန်မာအတိုင်ပင်ခံကုမ္ပဏီက ငွေကျပ် သိန်း ၂၀၀၀၊ အနာဂတ်အလင်းတန်း ဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၁၀၀၀ တို့ကို ပေးအပ်လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံသည်။
ဆက်လက်၍ International Gate Way Group ကုမ္ပဏီက လှူဒါန်း ငွေကျပ်သိန်း ၁၀၀၀၊ ရွှေစင်စင်္ကြာ မော်တော်ယာဉ်လိုင်းနှင့် မော်တော်ယာဉ်အသင်းများက စုပေါင်းလှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀၀၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ကုမ္ပဏီများက လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀၀ တို့ကို ပေးအပ်လှူဒါန်းရာ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် က လက်ခံရယူသည်။
ယင်းနောက် အလှူရှင်အသီးသီးမှ လှူဒါန်းသည့် အလှူငွေနှင့် စားသောက်ဖွယ်ရာများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိကြီးများက လက်ခံကြသည်။ ယနေ့ အခမ်းအနားတွင် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေကျပ စုစုပေါင်းမှာ ငွေကျပ် သိန်းပေါင်း ၁၀၇၂၃ သိန်းနှင့် စားသောက်ဖွယ်ရာများနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၃၃၂ သိန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၁၁၀၅၅ သိန်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသော ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိ ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့အား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ၍ တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆေးဝါးကုသမှု အခြေအနေများကို မေးမြန်းကာ အားပေးစကားပြောကြား၍ အသုံး အဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment