Wednesday, December 14, 2016

(၄၂)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တုရင်ပြိုင်ပွဲ မြောက်ဦး၌ကျင်းပ

မြောက်ဦး ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦခရိုင်၊ မြောက်ဦးမြို့နယ်တွင်  ကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက်ရခိုင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မြောက်ဦးလူငယ် အစည်းအရုံးမှကြီးမှူး၍ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်က နန်တော်ကုန်းရင်ပြင်ပေါ်၌ စတင်ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါစစ်တုရင်ပြိုင်ပွဲဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်၊ ခရိုင်အားစကားနှင့်ကာယ ပညာဦးစီးဌာန ခရိုင်အား/ကာမှူး ဦးလှမြင့်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် မြို့နယ်များမှစစ်တုရင်ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အချိန်တွင် လူငယ်များအနေဖြင့် မြို့နယ်အတွင်း ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများတွင်ပါဝင်ပြီး အမျိုးသားတာ ၀န်တစ်ရပ်အဖြစ် လိုအပ်လျှက်ရှိသည့် ပြည်သူတစ်ရပ်လုံး အားကစားတွင် စိတ်ပါဝင်စားမှု များစွာလိုအပ်ကြောင်း ၊ မြောက်ဦးမြို့နယ်အတွင်း လိုအပ်သော အားကစားရုံ တည်ဆောက် ပြီးစီးပါက ယခုလိုပြိုင်ပွဲများ အပါအ၀င်အခြားသော ပြိုင်ပွဲပေါင်းစုံကိုလည်း အဆင့်အတန်း ရှိရှိယှဉ်ပြိုင် နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်အား/ကာမှူးက စစ်တုရင်ပွဲပြိုင်မှ တိုင်းနှင့်ပြည်နယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ရခိုင်ပြည်နယ် ကိုယ်စားပြုအားကစားသမား မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်းမှာ ကြားခဲ့ပြီး မြောက်ဦးလူငယ်များ အစည်းအရုံး (MUYA) ဥက္ကဌ ကိုမိုးဇော်မြင့်မှ ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများကိုယ်စား မြို့နယ်ပညာရေးမှူး အငြိမ်းစားဆရာကြီး ဦးစံထွန်းကျော်က စစ်တုရင်ပြိုင်ပွဲများ ယခုလိုကျင်းပပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက်စစ်တုရင်ပြိုင်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အား/ကာမှူးတို့က ကျားကွက်ရွှေ့၍ ဖွင့်လှစ်ပေးခဲ့သည်။ စစ်တုရင် ပြိုင်ပွဲသို့  မြို့နယ် (၃)မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို (၁၄-၁၂-၂၀၁၆) ရက် နေ့မှ (၁၅-၁၂-၂၀၁၆) ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကာ ဆုရရှိသောအသင်းများအား ဒီဇင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment