Monday, December 12, 2016

ပုဗ္ဗသီရိမြို့နယ်တွင် မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

နေပြည်တော် ဒီဇင်ဘာ ၁၁
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်ရှိ ပြည်သူများအား မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါ ရပ်ကွက်ရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဝင်းဗိုလ်က ရပ်ကွက်အတွင်း၌ ခိုးမှု၊ လုယက်မှုများနှင့် အခြားသောအမှုများ မဖြစ်ပေါ်စေရေးအတွက် မိမိတို့ရဲတပ်ဖွဲနှင့်အတူ ပြည်သူများပါ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒု-ရဲမှူး နိုင်လင်းက ယာဉ်မောင်းများ လိုက်နာရန် စည်းကမ်းချက်များ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားပါက သတ်မှတ်ထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများ အကြောင်းနှင့် လမ်းညွှန်ဆိုင်းဘုတ်များအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လမ်းကမ်းစာစောင်များ ဝေငှပေးခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဌေးအောင်နှင့် တာဝန်ရှိသူများ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ဥတ္တရခရိုင်ပြန်/ဆက်


No comments:

Post a Comment