Tuesday, December 13, 2016

ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ နယ်စပ်ဒေသ ကျေးလက် မြို့ပြ ဝေးလံခေါင်ပါးသောဒေသရှိ တိုင်းရင်းသူအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖွင့်လှစ် သင်ကြားပေးသော ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၆)သင်တန်း ဖွင့်ပွဲ အခမ်းအနားအား ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဗဟို လေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းအုပ်ကြီး ဒေါက်တာ မင်းသန့်တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။


ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန့်က အမှာစကားပြောကြားရာတွင် ယနေ့အချိန်သည် နိုင်ငံတော်ကြီးအား ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မူဝါဒ၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် အညီ နိုင်ငံတော်နှင့် ပြည်သူတို့၏ လူမှု အကျိုးစီးပွားမြင့်မား လာစေရေးအတွက် နယ်စပ်ဒေသနှင့် ကျေးလက်မြို့ပြနေ တိုင်းရင်းသူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိတဲ့ တိုင်းရင်းသူ အမျိုးသမီးငယ်များကို အိမ်တွင်းမှု သက်မွေးပညာရပ်များ တတ်မြောက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ နယ်စပ်ဒေသ ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ် သင်ကြားပေး လျက်ရှိသည်မှာ ယခုဆိုလျှင် (၁၆) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၂) ကျောင်းဖွင့်လှစ်ပြီး အိမ်တွင်းမှုပညာရပ်များ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း၊ အဆိုပါ သင်တန်းကျောင်းများမှ သင်တန်းဆင်း သင်တန်းသူ (၆၈၁၁၁) ဦးအနက်၊ (၁၈၄၇) ဦးကို ခေတ်မီမော်တာ အထည်ချုပ်စက် သင်တန်းများ သင်ကြားပေးခဲ့ပြီး အထည်ချုပ်စက်ရုံ (၂၁) ရုံ၌ (၁၈၁၁) ဦး ဝင်ရောက်အလုပ်လုပ်ကိုင် နေပြီဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် သင်တန်းသားတိုင်းရင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး နှုတ်ဆက်ခဲ့ပြီး သင်တန်းသူများ၏ ခေတ်မီမော်တာဖြင့် ချုပ်လုပ်နေမှုနှင့် သင်တန်းကျောင်းဝင်း အတွင်းရှိ စာသင်ဆောင် များ၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


ဒဂုံမြောက်မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment