Thursday, December 8, 2016

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ၇
ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို (၉၆) နှစ်မြောက် အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် စာအုပ်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။

၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကိုစတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၇ တွင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်အား သီးသန့်အဆောက်အအုံအဖြစ် တည်ဆောက်ခဲ့၍ ထိုအချိန်ကရန်ကုန်တက္ကသိုလ်ရှိ စာကြည့်တိုက် သည် အရှေ့တောင်အာရှ၌ ထင်ရှားကျော်ကြားသော တက္ကသိုလ်၏စာကြည့်တိုက်အဖြစ် တည်ရှိခဲ့ကြောင်း၊ အရှေ့တောင် အာရှ၏ စာအုပ်စာပေများ၊ ပေ၊ ပုရပိုက်များ စုံလင်စွာထားရှိကာ စာကြည့်တိုက်၏ပထမဆုံး စာကြည့်တိုက်မှူးမှာ ဦးခင်ဇော် (ကေ) ဖြစ်သည်။ ဒုတိယကမ္ဘာစစ် အတွင်းစစ်ဒဏ်ကိုလည်း ခံခဲ့ရသဖြင့် အရှေ့တောင်အာရှတွင် တန်ဖိုးမဖြတ်နိုင်သော စာပေ၊ ပုရပိုက်များပျက်စီးခဲ့ကြောင်း သိရသည်။ စစ်ပြီးကာလတွင်ပျက်စီးနေသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အား ဦးစွာပြင်ဆင်မွမ်းမံခဲ့သူမှာ ဦးသိန်းဟန် (ဆရာဇော်ဂျီ) ဖြစ်ပြီးတို့မှဆက်၍ ဆရာသော်ကောင်း (စည်သူဒေါက်တာ သော်ကောင်း) မှလည်း စာကြည့်တိုက်နှင့်ပတ်သက်သော လိုအပ်ချက်များကို ယနေ့တိုင်ဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိသည်။ အဆိုပါပွဲတော်ကြီး ကျင်းပရခြင်းမှာ လူငယ်များ စာဖတ်ရှိန်မြင့်မားစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။
“စာအုပ်ပြပွဲကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ထဲမှာလုပ်မှာပါ။ ခေတ်အဆက်ဆက်က သမိုင်းဝင်စာအုပ်တွေ၊ ရန်ကုန် တက္ကသိုလ်မဂ္ဂဇင်း၊ မှတ်တမ်းတွေနဲ့ ယနေ့ကာလစာအုပ်စာပေမျိုးစုံအပြင် ကျော်ကြားထင်ရှားခဲ့တဲ့ စာရေးဆရာကြီးတွေရဲ့ လက်ရေးစာမူတွေ၊ နာမည်ကျော်ကြားခဲ့တဲ့ စာအုပ်တွေ၊ ပြီးတော့တက္ကသိုလ်များ ပုံနှိပ်တိုက်က ထုတ်တဲ့စာအုပ်၊ ဘာသာပြန်အသင်းက ထုတ်တဲ့စာအုပ်တွေကို အတတ်နိုင်ဆုံးစုဆောင်းပြီး ပြသထားပါတယ်။ စာအုပ်ဈေးရောင်းပွဲတော်မှာ ဆိုင်ခန်းပေါင်း ၁၇၅ ဆိုင်က သုတ၊ ရသစာအုပ်စာပေမျိုးစုံကို ရောင်းချသွားပါလိမ့်မယ်။” ဟု ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး ဒေါက်တာလှိုင်လှိုင်ကြီးက ပြောသည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးရှိ စာအုပ်စာပေမျိုးစုံအား လေ့လာဖတ်ရှုနိုင်ရန် ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စာအုပ်ဈေးရောင်းပွဲတော် နှင့်အတူ လေးရက်တာ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-သန်းထိုက်၊ ဓာတ်ပုံ-မျိုးမင်းသိန်း

No comments:

Post a Comment