Saturday, July 23, 2016

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လာအိုနိုင်ငံသို့ ရောက်ရှိ


နေပြည်တော် ဇူလိုင် ၂၂
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံခြား ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ဗီယင်ကျန်းမြို့သို့ ဒေသစံတော်ချိန် ည ၉ နာရီတွင် ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၃ ရက်တွင် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင် အစည်းအဝေး၊ နိုင်ငံခြားရေး ဝန်ကြီးများနှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ ကော်မရှင် ကိုယ်စား လှယ်များတွေ့ဆုံသည့် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ဇူလိုင် ၂၄ ရက်တွင် (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီ အစည်းအဝေးသို့ အခြားအာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အတူ တက်ရောက်မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၅ ရက်တွင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ အစည်းအဝေးများသို့ တက်ရောက် မည်ဖြစ်ပြီး ဇူလိုင် ၂၆ ရက်တွင် (၁၇)ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် (၆) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်မည် ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယင်းနေ့တွင် ကျင်းပမည့် (၂၃) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဖိုရမ်၏ ဝန်ကြီးအဆင့် မျက်နှာစုံညီ အစည်းအဝေးနှင့် သီးသန့်အစည်းအဝေးသို့လည်း တက်ရောက်မည်ဖြစ်သည်။ အစည်း အဝေးသို့ အာဆီယံဒေသဆိုင်ရာဖိုရမ်မှ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment