Saturday, July 23, 2016

အမျိုးသား ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော် -ဇူလိုင် ၂၃
အမျိုးသား ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံကိန်းများ အကောင် အထည်ဖော်ရေး ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို  ဇူလိုင် (၂၂) ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၅)၊ နေပြည်တော်၌ ကျင်းပသည်။

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားရာတွင် ပို့ဆောင်ရေး ကဏ္ဍ ရေရှည်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေးကို လျင်လျင်မြန်မြန် အကောင် အထည်ဖော် သွားနိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကော်မတီ၏ အဓိက လုပ်ငန်း တာဝန်များကို ကဏ္ဍအသီးသီးမှ တစ်ဆက်တစ်စပ်တည်း ညှိနှိုင်း အကောင် အထည်ဖော်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပို့ဆောင်ရေး နည်းလမ်းအားလုံး ပေါင်းစည်း၍ ဖွံ့ဖြိုးတိုးတက်ရေး ‌ဆောင်ရွက်ရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် အမျိုးသား ပို့ဆောင်ရေး ပင်မစီမံကိန်းကို ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ပင်မစီမံကိန်းပါ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မြို့ပြနှင့် ကျေးလက် သယ်ယူ ပို့ဆောင်ရေး စီမံကိန်းများ စနစ်တကျ ချိတ်ဆက် အကောင် အထည်ဖော်နိုင်ရေးတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံအဝှမ်း သယ်ယူ ပို့ဆောင်ရေး စင်္ကြန် (၁၀) ခု သတ်မှတ်၍ အကောင် အထည် ဖော်မည် ဖြစ်ပါကြောင်း၊ စီမံကိန်းများကို JICA ၏ ကျွမ်းကျင်သူများမှ လူဦးရေ တိုးတက်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဘဏ္ဍာငွေ၊ သဘာဝ ပတ်ဝန်းကျင် ဆန်းစစ်မှု၊ နယ်မြေဒေသ ဖွံ့ဖြိုးရေး၊ သယ်ယူ ပို့ဆောင်မှု လိုအပ်ချက်၊ ဒေသတွင်း သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများကို အ‌ခြေခံ၍ ရေးဆွဲထားပါကြောင်း၊ အနာဂတ်တွင် " မြန်မာနိုင်ငံနှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားအတွက် ပို့ဆောင်ရေး နည်းလမ်း အားလုံး ပေါင်းစည်း၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိသည့် ထိရောက် ခေတ်မီ ဘေးကင်း လုံခြုံပြီး၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ပို့ဆောင်ရေး စနစ်ပေါ်ပေါက်စေရေး"  ကို မျှော်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ADB မှလည်း မြန်မာနိုင်ငံ၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် GDP ၏ ၁% မှ ၁.၅% အကြားမှာသာ ရင်းနှီး မြှုပ်နှံလျက်ရှိသဖြင့် အခြားဖွံ့ဖြိုးမှု တန်းတူရှိသည့် နိုင်ငံများ နည်းတူ ၃% မှ ၅ % အထိတိုးမြှင့် ရင်းနှီးမြှုပ်နံရန် တိုက်တွန်း ထားပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေ ရရှိနိုင်မည့် အရင်း အမြစ်များကိုလည်း ကြိုးပမ်း ရှာဖွေ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် အနာဂတ် (၁၅) နှစ်တာ ကာလအတွင်း သယ်ယူ ပို့ဆောင်ရေး ကုန်ကျစရိတ် (၃၀%) လျှော့ချနိုင်ရေး၊ မြန်မာနိုင်ငံ၏ GDP ကို အမေရိကန် ဒေါ်လာ (၄၀) ဘီလီယံအထိ စုဆောင်းနိုင်ရေး၊ အခြေခံ မော်တော်ကားလမ်းကို ပြည်သူ(၁၀) သန်းထံသို့ ရောက်ရှိအောင် ဆောင်ရွက် ပေးနိုင်ရေးနှင့် မလုပ်ဖြစ်ခဲ့လျှင် ဆုံးရှုံးမည် ဖြစ်သော မော်တော် ကားလမ်းပေါ်မှ ပြည်သူအများ ထိခိုက် သေဆုံးမှုမှ ကယ်တင်နိုင်ရေးတို့ အတွက် ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စီမံကိန်းနှင့်‌ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့က  မိမိဌာနအလိုက် ဆောင်ရွက် ထားရှိမှုတို့ကို ပြောကြားသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနများ၏ အမြဲတမ်း အတွင်းဝန်များ က (၂၀၁၆-၂၀၂၀) (၅)နှစ် စီမံကိန်း ရေးဆွဲမှုများနှင့် ဘဏ္ဍာငွေ လိုအပ်ချက်များအား လည်းကောင်း၊ ရန်ကုန်နှင့် မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ တာဝန် ရှိသူများမှ မြို့ပြ ပို့ဆောင်ရေး ကဏ္ဍများ ဖွံ့ဖြိုးရေး အတွက် (၅)နှစ်အတွင်း ဆောင်ရွက် သွားမည့် လျာထား စီမံကိန်းများနှင့် ဘဏ္ဍာငွေ လိုအပ်ချက်များအား လည်းကောင်း အစည်းအဝေးတွင် ဆွေးနွေးတင်ပြသည်။
ထို့အပြင် ပို့ဆောင်ရေး ကဏ္ဍတစ်ရပ်လုံး၏ ဖွံ့ဖြိုးရေးကို တစ်ဆက် တစ်စပ်တည်း ဆောင်ရွက် သွားနိုင်ရန် အတွက် ဖွဲ့စည်း ဆောင်ရွက် သင့်သည့် ကော်မတီများနှင့် လုပ်ငန်း တာဝန်များကို ဆွေးနွေးခဲ့ ကြပြီး၊ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးရေးကို စုပေါင်း လုပ်ဆောင်သွားရန် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment