Friday, July 3, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် NHK သတင်းဌာန ၏ မေးမြန်းမှုများ ကို ဖြေကြား ဒုတိယ သက်တမ်းနှင့် ပတ်သက်ပြီး တိုင်းပြည် အခြေ အနေ၊ ပြည်သူ များ၏ ဆန္ဒတို့အပေါ် မူတည်ပြီး ဆုံးဖြတ်သွားမည်၊ ပြည်သူ များက ဆန္ဒရှိခဲ့လျှင် အလေးအနက်ထား စဉ်းစားမည်



တိုကျို - ဇူလိုင် ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဂျပန် နိုင်ငံ NHK သတင်းဌာနက ယနေ့ ဒေသ စံတော်ချိန် ညနေ ၆ နာရီခွဲ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ခေတ္တ တည်းခိုသည့် Hotel New Otani ၌ တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်ခဲ့ သည်။



ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အကောင် အထည် ဖော်မှုနှင့် ပတ်သက်၍ မေးမြန်းရာ တွင် နိုင် ငံတော် သမ္မတ က ပြည်သူ့ဆန္ဒနှစ်ရပ်ဖြစ် သည့် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့ကို ဖော်ဆောင်နိုင်ရန် အ တွက် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍပြုပြင်ပြောင်းလဲရေး ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းပြခဲ့ သည်။
ထို့ပြင် နိုင်ငံတော်သမ္မတအနေဖြင့် ဒုတိယသက်တမ်းအတွက် ဆက်လက် တာဝန်ထမ်းဆောင်ရန် အလားအလာနှင့် ပတ်သက်ပြီး မေးမြန်း ရာ တွင် နိုင်ငံတော် သမ္မတက မိမိအနေဖြင့် ပါတီလုပ်ငန်း ထက် အမျိုးသားနိုင်ငံရေးဖြစ် သည့် ငြိမ်း ချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့ကို ဖော်ဆောင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
လက်ရှိကာလတွင် အမျိုးသားအကျိုးစီးပွားအတွက် အကောင်အထည် ဖော်နိုင် သည်များကို ပြီးပြတ်အောင် အကောင် အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ ဒုတိယသက်တမ်းနှင့် ပတ်သက်ပြီး တိုင်းပြည်အခြေအနေ၊ ပြည်သူများ၏ ဆန္ဒတို့ အပေါ် မူတည်ပြီးဆုံးဖြတ် သွားမည်ဖြစ်ကြောင်း၊ ပြည်သူများက ဆန္ဒရှိခဲ့ လျှင် အလေးအနက်ထား စဉ်းစား မည်ဖြစ်ကြောင်း စသည်ဖြင့် ဖြေကြားခဲ့ သည်။
သမ္မတ ဒုတိယသက်တမ်းအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် နိုင်ငံတော်သမ္မတက မည်သူ တာဝန်ယူ သည်ဖြစ်စေ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက် ရန်၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရန်နှင့် မြန်မာနိုင်ငံကို တစ်ဦးချင်း ၀င်ငွေ အလယ်အလတ်အဆင့် ရှိ နိုင်ငံ အဖြစ်သို့ ရောက်ရှိစေရန် တို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဟု မျှော်လင့် ကြောင်း စသည်ဖြင့် ဖြေကြားခဲ့ သည်။
ဂျပန်- မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး လက်ရှိ အချိန်တွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုမှာ အဆင့် ၁၂ တွင်သာ ရှိနေသဖြင့် အခြေခံ အဆောက်အအုံ၊ စက်မှု၊ လျှပ်စစ်၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကဏ္ဍများ တွင် ပိုမို ရင်းနှီး မြှုပ်နှံစေလိုကြောင်း၊
အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့် ကုန်ထုတ် လုပ်မှု ကဏ္ဍများတွင်လည်း ပိုမိုရင်းနှီးမြှုပ်နှံ စေ လိုကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်ပကြွေး မြီများကိစ္စ ဖြေရှင်းရာတွင် ဂျပန်နိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်ကူညီခဲ့သည့် အတွက် ကျေးဇူးတင် ရှိကြောင်း ဖြေကြားခဲ့ သည်။

No comments:

Post a Comment