Friday, July 10, 2015

အမျိုးသားနယ်မြေဒေသ ဖွံ့ဖြိုးမှုစီမံကိန်း(National Spatial Development Plan) ရေးဆွဲခြင်းနှင့် မြန်မာ့ ကုန်ထုတ် လုပ်ငန်း တိုးတက်ရေး မျှော်မှန်းချက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်  ဇူလိုင် ၁၀
အမျိုးသားနယ်မြေဒေသ ဖွံ့ဖြိုးမှုစီမံကိန်း (National Spatial Development Plan) ရေးဆွဲခြင်းနှင့် မြန်မာ့ ကုန်ထုတ် လုပ်ငန်း တိုးတက်ရေး မျှော်မှန်းချက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း က Spatial Plan တွင် စိုက်ပျိုးရေး၊ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်မည် ဖြစ်ကြောင်း၊ ယခင်က GDP plan တစ်ခုတည်းကို ဦးတည်ရေးဆွဲခဲ့ပြီး ယခု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် Spatial plan ကိုရေးဆွဲရန် လိုအပ်လာကြောင်း။
နိုင်ငံတော်၏ ဖွံ့ဖြိုးမှုမျှော်မှန်းချက်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရတာဝန်ယူသည့် အချိန်မှစ၍ စီးပွားရေးမူဝါဒ (၄) ရပ် ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေးနှင့် အလယ် အလတ်အဆင့် ၀င်ငွေရရှိသောနိုင်ငံဖြစ်ရေး ရည်မှန်းချက်များ ချမှတ်ထားပြီး ထိုရည်မှန်း ချက်များ ပြည့်မီရေး စီမံကိန်းများရေးဆွဲ ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း။
ဖွံ့ဖြိုးမှု မူဝါဒအောင်မြင်ရန် plan ရေးဆွဲရာ၌ GDP plan နှင့် spatial plan ပေါင်းစပ် ဆောင်ရွက် သွားရန်လိုကြောင်း၊ GDP plan သည် ကာလတို ၅ နှစ် စီမံကိန်းများဖြစ်ပြီး ဖွံ့ဖြိုးမှု စီမံကိန်းများသည် နှစ်ရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအကြား အချိုးမျှတစွာ ဖွံ့ဖြိုး တိုးတက်မှုအတွက် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်ကိုရေးဆွဲ၍ မူဘောင်များ ချမှတ်ပေးခဲ့ကြောင်း။
အဆိုပါ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက် ကို အခြေခံပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့ အဓိက ဖွံ့ဖြိုးတိုးတက်ရေးအတွက် Two polar growth strategy ဖြင့် အမျိုးသား ဘက်စုံဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းကို အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဌာနမှ ရေးဆွဲခဲ့ပါ ကြောင်း။ 
Spatial plan တွင် အမျိုးသားအဆင့် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် နှင့် ဒေသန္တရ အဆင့်ဟူ၍ ခွဲခြားဆောင်ရွက်ရမည့်လုပ်ငန်းများရှိပါကြောင်း၊ အမျိုးသားအဆင့်တွင် ၀န်ကြီး ဌာနများမှ ကဏ္ဍအလိုက် ဆောင်ရွက် မည့်လုပ်ငန်း၊ ဂရုပြုထိန်းသိမ်းရမည့်လုပ်ငန်းများကို Spatial plan တွင်ထည့် သွင်းဖော်ပြ ရမည်ဖြစ်ကြောင်း၊ အစိုးရမှ ဆောင်ရွက်မည့် plan များသာမက ပုဂ္ဂလိကအဖွဲ့အစည်းများမှဆောင်ရွက်မည့် plan များကိုလည်း Spatial plan ထဲတွင် ထည့်သွင်းရမည်ဖြစ်ပါကြောင်း။
ယခုရေးဆွဲမည့် spatial plan မှာ conceptual plan ဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်ကြောင်း၊ conceptual plan ကို ပြည်သူလူထု သိမြင်အောင် ရှင်းလင်းပြောကြား ဆွေးနွေးရန်လိုအပ်ကြောင်း၊ conceptual plan အပေါ်အခြေခံ ရေးဆွဲမည့် master plan ကိုလည်း ပြည်သူ လူထုနှင့် တိုင်ပင်ဆွေးနွေး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအပါအ၀င် လွှတ်တော်သို့လည်း တင်ပြရ မည်ဖြစ်ကြောင်း။
Spatial plan သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မဖြစ်မနေလိုအပ်သဖြင့် ဒေသ အနေအထား အခြေ အနေများအပေါ်မူတည်၍ ပြည်သူများ၏ သဘောထားဆန္ဒများနှင့်အညီ ရေးဆွဲနိုင် ရေးအတွက် အောက်ခြေအဆင့်အထိ သင်တန်းများပေးရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော် က Spatial plan ရေးဆွဲရခြင်းသည် တိုင်းဒေသကြီးနှင့်ပြည်နယ်  များရှိ နယ်မြေဒေသအသီးသီး၏  လိုအပ် ချက်များကို အနာဂါတ်ကာလ သားစဉ်မြေးဆက် တိုင်အောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြေသယံ ဇာတကို စနစ်တကျ အကျိုးရှိရှိ စီမံကိန်း ချမှတ်၍ အသုံးပြုရန် ရည်ရွယ်ရေးဆွဲခြင်းဖြစ်ကြောင်း၊ တိုင်းဒေ သကြီးနှင့်ပြည်နယ်များအတွက် အဓိက အားသာချက်များအရ  နှိုင်းယှဉ်အကျိုးတရားအပေါ် အခြေခံ၍စီးပွားရေး တည်ဆောက်မှု ပုံစံများရေးဆွဲရန်နှင့် ကဏ္ဍစီမံကိန်း များကိုလည်း spatial plan တွင် ပေါင်းစပ် ရေးဆွဲ ဆောင်ရွက်ရန် ဖြစ်ကြောင်း။
Spatial plan ရေးဆွဲရာတွင်  ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ စီးပွားရေး ယှဉ်ပြိုင်လုပ်ကိုင်နိုင်မှု တိုးမြှင့်နိုင်ခြင်း၊ စိုက်ပျိုးရေး အရင်းအမြစ်များနှင့် ကျေးလက်ဖွံ့ဖြိုးရေး လျာထားထိန်းသိမ်းနိုင်ခြင်း၊ ခရီးသွား လုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ လူနေမြို့ရွာများ ပြောင်းလဲ တိုးတက်မှု စီမံခန့်ခွဲနိုင်ခြင်း၊ သဘာဝ အရင်းအမြစ်များ၊ ဇီဝမျိုးစိတ်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းများ၊ အမျိုးသားအဆင့်နှင့် မြို့ပြဆိုင်ရာ လမ်းကွန် ယက်စနစ် ပေါင်းစည်းခြင်း၊ သင့်လျော်သည့်အခြေခံ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များဖြစ်သည့် ရေပေးဝေမှု၊ မိလ္လာစနစ်၊ အမှိုက်စနစ်၊ ရေကြီးရေလျှံမှု ကာကွယ်ရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး စသည့် အခြေခံအဆောက်အအုံများ အတွက်လည်း စဉ်းစားရန် ဖြစ်ကြောင်း၊ ဒေသအလိုက် မြို့ပြ ကျေးလက်များကို အနာဂတ်တွင် တိုးတက် ဖြစ်ထွန်းနိုင်ရေးအတွက် စီမံရန်လိုအပ်ပြီး၊ အဆိုပါ အစီ အမံများကိုလည်း ဒေသစီမံကိန်းများတွင် ထည့်သွင်းရန် လိုအပ်ကြောင်း၊
Spatial plan ရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးမှု အခြေအနေ၊ တိုးတက်ဖြစ်ပေါ်လာမည့်လူဦးရေ၊ ရှိပြီးဖြစ်သည့် အခြေခံအဆောက် အအုံများနှင့် ထိန်းသိမ်းရမည့်ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေများ၊ သီးသန့်ချန်ရမည့် နယ်ပယ် များကိုလျာထား၍ အနာဂတ်တွင် မြေယာ အသုံးချမှု စနစ်တကျပေါ်ထွန်းနိုင်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုသည့် စီမံကိန်းများ ပေါ်ထွန်းရေးအတွက် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အစိုးရသစ်စတင်တာဝန်ယူသည့် ကာလမှစ၍ ဆင်းရဲမှုပပျောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို အဓိက ရည်မှန်းချက် ထားဆောင်ရွက်ခဲ့ပါကြောင်း၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေးမူဘောင် ၁၀ ချက် ကို အဓိကထား ဆောင်ရွက်သွားရန်နှင့် လူထု၏ အခြေခံလိုအပ်ချက် ဦးစားပေးလုပ်ငန်း ၇ ရပ် ကိုလည်းအခြေခံ ထားဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း၊ အစိုးရ ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီး အစိုးရများအနေဖြင့် UMFCCI အပါအ၀င် အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သွားရန် လိုအပ်ကြောင်း။
ပြည်နယ်နှင့်တိုင်းဒေသကြီး၊ မြို့နယ်များ အနေဖြင့် မိမိပြည်နယ်နှင့်တိုင်း၊ မြို့နယ်များ၏ လုပ်ငန်း မျှော်မှန်းချက်များ ချမှတ်ပြီး မြန်ဆန်စွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
အစိုးရမူဝါဒနှင့်အညီ မှန်ကန်သည့် လမ်းကြောင်းအတိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့အတူ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ICT နှင့် e-government ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ပြီး ပြည်သူများမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက် သွားရန် လိုကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ICT တိုးတက် ရေး အတွက် အလေး အနက်အထားဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။
ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် e-government စနစ်ဖြင့် သတင်းအချက်အလက်၊ စစ်တမ်း ကောက်ယူသည့် အချက်အလက်များ အချိန်နှင့် တစ်ပြေးညီပေးပို့နိုင်တော့မည် ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိတို့ဒေသ၏ မြို့ပြစီမံကိန်းများနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အသိပေးရန် လိုကြောင်း၊ သို့မှသာ ပြည်သူများနှင့် ရင်းနှီး မြှုပ်နှံသူများအနေဖြင့် မြို့ပြနှင့်ဒေသစီမံကိန်းများနှင့် စပ်လျဉ်း၍ အကျွမ်းတဝင် ဖြစ်လာမည် ဖြစ်ကြောင်း၊
မြို့ပြစီမံကိန်းများကို လွှတ်တော်သို့ ဆက်လက်တင်ပြသွားရမည်ဖြစ်ကြောင်း၊ စီမံကိန်း များ ရေးဆွဲ ရာ၌ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်သွားရန် အရေးကြီး ပါကြောင်း၊ မြို့နှင့်ရွာမြေသတ်မှတ်စစ်ဆေးခြင်း၊ အငြိမ်းစား ဝန်ထမ်းများအတွက် Rental Housing များတည်ဆောက်ခြင်း၊  မြေသစ်၊ မြေရိုင်းများ ဖော်ထုတ်ပြီး လယ်ယာမြေများ တိုးချဲ့ ဆောင် ရွက်ခြင်းနှင့်  ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုပေါင်းရုံးများ အမြန်ပြီးစီးရန် ဆောက်လုပ်ခြင်း များကို အမြန် ပြီးစီးအောင် ဆောင်ရွက်သွား ရန် ဖြစ်ပါကြောင်းဖြင့်  ပြောကြားသည်။

ယင်းနောက် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးများ၊ UMFCCI ဥက္ကဌနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းမော် တို့က မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး တင်ပြဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့သည်။ 

No comments:

Post a Comment