Saturday, July 18, 2015

DVB Multimedia Group (၂၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ





ရန်ကုန်  - ဇူလိုင် ၁၈                  
                                                                                      
DVB Multimedia Group ၏ (၂၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ ညနေ(၅)နာရီတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ကျင်းပသည်။


အခမ်းအနားတွင် DVB Multimedia Group   ဒါရိုက်တာ ဦးအေးချမ်းနိုင် က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် ခေတ်နှင့် လျော်ညီသော မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့မှု၊ သတင်းရယူခွင့်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ သတင်းလာရောက်ရယူလိုသည့် သတင်းထောက်များအတွက် သတင်းထောက် ဗီဇာအမြန်ရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေ၊  စာနယ်ဇင်းဆိုင်ရာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းအွန်လိုင်းမီဒီယာများ ခွင့်ပြုပေးခဲ့မှုအခြေအနေများနှင့် မြန်မာ့မီဒီယာ လောက ပိုမိုဖြစ်ထွန်းအောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ အကျိုးစီးပွားကို ဦးထိပ်ထား ဆောင်ရွက်ပေးကြရန်နှင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစ ည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် အမျိုးသားရေး တာဝန်ကို ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ် က ဂုဏ်ပြုအမှာစကား ပြောကြားပြီး DVB Multimedia Group ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက DVB ၏ နိုင်ငံရေးဖြစ်စဉ်များနှင့်အတူ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံ များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စာရေးဆရာဖေမြင့်က ဂုဏ်ပြုအမှာစကားပြောကြားပြီး DVB Multimedia Group  Sale Director, Mr. Christopher Joseph Hajecki က အမှာစကား ပြောကြားကာ ကဗျာဆရာငြိမ်းဝေက ဂုဏ်ပြုကဗျာရွတ်ဖတ်သည်။


အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး၊ ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ DVB အား ငွေကြေးထောက်ပံ့ခဲ့သည့် အလှူရှင်များ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းနှင့် ပြည်တွင်း ပြည်ပမီဒီယာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment