နေပြည်တော် ဇူလိုင် ၁၄
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန် အစည်းအဝေး (၇၅) ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် ဆက်လက် ကျင်းပရာ မေးခွန်း(၄)
ခု မေးမြန်း ဖြေကြားခြင်း ၊ ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်း၊ ဥပဒေကြမ်း တစ်ခု တင်သွင်းခြင်းနှင့်
အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းတို့ ဆောင်ရွက် ကြသည်။
သံတွဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးရဲထွန်း၏ "ပင်လယ် ဒီရေအတက်အကျနှင့် ပင်လယ်လှိုင်းစွမ်းအင်ကို အသုံးပြု၍ မြန်မာ့
ကမ်းရိုးတန်း တစ်လျှောက်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် သင့်တော်သည့်နေရာ ၊ ဒေသရှိပါသလား
၊ ရှိပါက မည်သည့်ကာလတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည်ကို သိလိုခြင်း " မေးခွန်းနှင့်စပ်လျဉ်း၍
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ပင်လယ်မှ လျှပ်စစ်ဓာတ်အား
ထုတ်ယူနိုင်သည့် နည်းစနစ် များ သည် အခြားနည်းဖြင့် ဓာတ်အား ရရှိရန် အခက်အခဲရှိသော ဒေသများ(သို့မဟုတ်)
ဓာတ်အားလိုင်း သွယ်တန်းမှုပြုလုပ်ရန် အလွန်ခက်ခဲသော ဒေသများ တွင် အသုံးဝင် သည့်စနစ်များ
ဖြစ်ပါကြောင်း ၊ ၎င်းစနစ်များမှာ ရင်းနှီးမြုပ်နှံမှု အရင်းအနှီးကြီးမားပြီး ထွက်ရှိမည့်
ဓာတ်အားပမာဏနှင့် တွက်ခြေမကိုက်သဖြင့် ထူးခြားသည့် အခြေအနေ ရှိမည့် ဒေသများတွင် သာ ဆောင်ရွက်လေ့ရှိကြ ပါကြောင်း၊
မိမိတို့နိုင်ငံအနေဖြင့် လတ်တလောအခြေအနေတွင် အသေးစားရေအား လျှပ်စစ် ၊ နေစွမ်းအင်နှင့်
လေစွမ်းအင်အပါအ၀င် အခြားသော စွမ်းအင်များဖြင့် လျှပ်စစ်ထုတ်ယူမှုသည် ပိုမိုသင့်လျော်မှု
ရှိသဖြင့် ၄င်းနည်းစနစ်အား ဆောင်ရွက်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်
ထို့နောက် ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
ဦးသန့်ဇင်၏ "ကြို့ပင်ကောက် မြို့နယ် အနောက်ဘက်ခြမ်း နယ်မြေဒေသရှိ ကျေးရွာများ
အမြန်ဆုံးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သော တောင် ရိုးကွင်း- လယ်တီလမ်းအား
အဆင့်မြှင့်ပြုပြင် ဆောင်ရွက်ပေးပါရန်" နှင့် စပ်လျဉ်းသည့် မေးခွန်းအား မွေးမြူရေး ၊ရေလုပ် ငန်းနှင့်
ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ အောင်မြတ်ဦးက အဆိုပါလမ်းသည်
အရှည် (၃) မိုင် (၄) ဖာလုံ ရှိသည့် မြေသားလမ်းဖြစ်ပြီး ကျေးရွာ (၃၀) ရွာ ၊ အိမ်ခြေ
(၂၁၂၅) ၊ ပြည်သူလူထု (၁၀၁၄၇) ဦးတို့အား အကျိုးပြုပါကြောင်း ၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌
မွေးမြူရေး ၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ၀န်ကြီးဌာန ၊ ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် (၅၃၉၃ဒသမ၇၇၃)
သန်းဖြင့် ကွန်ကရစ်လမ်း (၁) မိုင် (၄) ဖာလုံ
၊ ကတ္တရာလမ်း (၆) မိုင် (၃) ဖာလုံ ၊ ကျောက်ချောလမ်း (၃၂) မိုင်၊ မြေသားလမ်း
(၃၉) မိုင် ၊ သစ်သားတံတား (၁၇၃၇) ပေ ၊ ကွန်ကရစ်ရေကျော် (၁၅၉)ပေနှင့် Box Culvert (၁၂၅)
ပေတို့အား ဆောင်ရွက်ရန် ခွင့်ပြုပြီးဖြစ်ပါကြောင်း ၊ ကြို့ပင်ကောက် မြို့နယ်တွင် မွေးမြူရေး
၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် (၂၀၃ ဒသမ၅၆) သန်းဖြင့် ကျောက်ချောလမ်း (၂)မိုင်နှင့် သစ်သားတံတား (၁၈) ပေတို့အား ဆောင်ရွက်ရန် ခွင့်ပြုပြီး
ဖြစ်ပါကြောင်း ၊ အဆိုပါမေးမြန်းလာသည့် လမ်းအတွက် မွေးမြူရေး ၊ရေလုပ်ငန်းနှင့် ကျေးလက်
ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန၏ ၂၀၁၅-၂၀၁၆
ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် လျာထား တင်ပြခြင်း မရှိပါ ကြောင်းနှင့် လတ်တလောတွင်
ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား
ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က
တင်သွင်းသည့် " ရာဇသတ် ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်း " နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူပြီး အတည်ပြုသည်။
ထို့နောက် "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်ခြင်းဆိုင်ရာ
ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကို ပြည်သူ့ လွှတ်တော် ၊လွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး
၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မဲဆန္ဒနယ်မှ ဒေါက်တာ စိုးရင်က တင်သွင်းသည်။
အဆိုပါဥပဒေနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို စစ်ကိုင်းတိုင်း ဒေသကြီး တမူးမဲဆန္ဒနယ်မှ လွှတ်တော်
ကိုယ်စားလှယ် ၊ ဥပဒေကြမ်း ကော်မတီဝင် ဦးခင်မောင်ရွှေက ဖတ်ကြားရှင်းလင်းပြီး ပြင်ဆင်ချက်အဆို
တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်၏ အမည်စာရင်းကို တင်သွင်းနိုင်ကြောင်း ပြည်သူ့
လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကြေညာသည်။

No comments:
Post a Comment